ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲ ပြုလုပ်

ကျိုင်းတုံ မတ် ၆

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ ကျိုင်းတုံမြို့၌ မီးဘေးအန္တရာယ် သတိပြုဆောင်ရွက်နိုင်ရေး အသိပညာပေးဟောပြောပွဲနှင့် လက်တွေ့မီးငြှိမ်းသတ်ခြင်း သရုပ်ပြပွဲကို မတ်လ ၄ ရက်နေ့က ကျိုင်းတုံမြို့နယ် မီးသတ်တပ်ဖွဲ့ဝင်များက ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံကြီးတွင် ဆောင်ရွက်ခဲ့သည်။

ဟောပြောပွဲတွင် မြို့နယ်မီးသတ်စခန်းမှ ဒုတိယမီးသတ်ဦးစီးမှူး ဦးတင်နိုင်ထွန်းက မီးဘေးအန္တရာယ်ဖြစ်ပေါ်ရသည့်အကြောင်းအရင်းများ၊ လူနေအိမ်၊ ရုံးအဆောက်အဦများတွင် ဖြစ်ပွားတတ်သည့် မီးဘေးအန္တရာယ်များနှင့် မီးဘေးအန္တရာယ်ဖြစ်ပေါ်လာပါက ဆောင်ရွက်သင့်သည့်အချက်များ စသည့်မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး သတိပြုဆောင်နိုင်ရေး အသိပညာပေး ဟောပြောခဲ့သည်။

ထို့နောက် မီးသတ်တပ်ဖွဲ့ဝင်များက လက်တွေ့ ဒယ်အိုးမီးငြှိမ်းသတ်ခြင်း၊ Gas မီးငြိမ်းသတ်ခြင်း၊ မီးသတ်ဆေးဘူးဖြင့် ဆီ/မီးငြှိမ်းသတ်ခြင်းများကို လက်တွေ့သရုပ်ပြသရာ ကျိုင်းတုံအထွေထွေရောဂါကုဆေးရုံအုပ်ကြီး ‌ဒေါက်တာတိုးမောင်နှင့် ဝန်ထမ်းများက ကြည့်ရှုအားပေးပြီး မီးသတ်တပ်ဖွဲ့ဝင်များနှင့်အတူ လက်တွေ့သရုပ်ပြ လေ့ကျင့်ဆောင်ရွက်ခဲ့ကြောင်း သိရသည်။

အောင်ဇင်မြင့်(ပြန်/ဆက်)