ပျော်ဘွယ်မြို့နယ် ပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသောလူငယ်များ ပျော်ရွှင်မှုရရှိစေရန် အပျော်တမ်း စစ်တုရင်ပြိုင်ပွဲကျင်းပပေး

ပျော်ဘွယ် မတ် ၆

ပျော်ဘွယ်မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ မြို့နယ်ရုံးပြည်သူ့စာကြည့်တိုက်သို့လာရောက်အသုံးပြုနေသည့် လူငယ်များ ပျော်ရွှင်မှုရရှိစေရန်ရည်ရွယ်၍ အပျော်တမ်းစစ်တုရင်ပြိုင်ပွဲ ကျင်းပပေးခြင်းကို မတ် ၅ ရက် နံနက် ၉ နာရီက မြို့နယ်ရုံး၊ လူထုအခြေပြုဗဟိုဌာနတွင် ပြုလုပ်ပေးခဲ့ကြောင်းသိရသည်။

အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကျင်းပပေးခြင်းနှင့်ပတ်သက်၍ မြို့နယ်ဒုတိယဦးစီးမှူး ဒေါ်မေစောမွန်က “လူငယ်တွေအနေနဲ့ ဉာဏ်ရည်ဖွံ့ဖြိုးတိုးတက်စေရေး၊ ကောင်းသောယှဉ်ပြိုင်မှုနဲ့ယှဉ်ပြိုင်တတ်စေရန်၊ ဗဟုသုတရရှိစေဖို့ စာပေဖတ်ရှုရေးတို့အပြင် အားကစားကဏ္ဍမှာလည်း စိတ်ပါဝင်စားစေရန် စတဲ့ရည်ရွယ်ချက်တွေနဲ့ ကျင်းပပေးခြင်းဖြစ်ပါတယ်”ဟု ရှင်းပြသည်။

လူငယ်များပါဝင်သည့် အပျော်တမ်းစစ်တုရင်ပြိုင်ပွဲကို ရှုံးထွက်စနစ်ဖြင့်ကျင်းပပြုလုပ်ပေးကာ ဝါသနာရှင်လူငယ် (၁၄)ဦး ပါဝင်ယှဉ်ပြိုင်ခဲ့ကြပြီး ဆုရရှိသူများကို အမှတ်တရလက်ဆောင်များပေးအပ်ခဲ့ကြောင်း သိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)