ကျောက်ပန်းတောင်းမြို့ရှိ ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၆

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ မြို့နယ်မီးဘေးလုံခြုံရေးကော်မတီ၏ ဦးဆောင်လမ်းညွှန်မှုဖြင့် ဈေးများ မီးဘေးလုံခြုံရေး စစ်ဆေး အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို မတ်လ ၅ ရက်နေ့ နံနက် ၁၀ နာရီက ဈေးကွက်သွစ်ရပ်ကွက်ရှိ မြို့မ စည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီရပ်ကွက်ရှိ ဈေးသစ်ကြီးတို့တွင် ဆောင်ရွက်ခဲ့သည်။

မြို့နယ်မီးဘေးလုံခြုံရေးကော်မတီဥက္ကဋ္ဌ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များသည်၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့်တပ်ဖွဲ့ဝင်များ၊ မြို့နယ် စည်ပင်သာယာရေးအဖွဲ့အမှုဆောင်အရာရှိ ဦးထွန်းထွန်းလတ်နှင့် ဈေးတာဝန်ခံများ၊ မြို့နယ်လျှပ်စစ်မှ တာဝန်ရှိသူများနှင့်အတူ မြို့မစည်ပင်သာယာဈေးကြီးနှင့် တမ္ပဝတီဈေးသစ်တို့တွင်  မီးဘေးလုံခြုံရေး ဖြစ်သည့် မီးသတ်ရေကန်နှင့် ရေစင်များ၊ အရေးပေါ် ရေထုတ်ပိုက်များနှင့် ရေစက်များ အဆင့်သင့် ဆောင်ရွက်ထားရှိမှုများနှင့် ဈေးအတွင်း မီးသတ်ကား အလွယ်တကူ ဝင်/ထွက် သွားလာနိုင်စေရန် ဆောင်ရွက်ထားရှိမှုများကို ကွင်းဆင်းစစ်ဆေးကြသည်။ ထိုသို့စစ်ဆေးရာတွင် မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်က သက်ဆိုင်ရာ ဈေးအရန် မီးသတ်တပ်ဖွဲ့ဝင်များ၊ ဈေးကော်မတီများနှင့် ဈေးသူ/ ဈေးသားများအား တွေ့ဆုံ၍ ပူပြင်းခြောက်သွေ့သည့် ကာလသို့ ရောက်ရှိလာပြီဖြစ်၍ မီးလောင်လွယ်တတ်သည့် အမှိုက်သရိုက်များ ရှင်းလင်းထားရှိရေးနှင့် ကုန်စည်များ မီးဘေးအန္တရာယ်ကင်းစေရန် စနစ်တကျ သိုလှောင်ထားရှိရေးတို့ကို အသိပညာပေး ဟောပြောသည်။ ယင်းနောက် မီးသတ်ဆေးဘူး ကိုင်တွယ် အသုံးပြုနည်းနှင့် မီးငြှိမ်းသတ်နည်းများကို ရှင်းလင်းပြသ၍ ဈေးကော်မတီ တာဝန်ရှိသူများ၊ ဈေးသူ/ဈေးသားများနှင့်အတူ အရေးပေါ် မီးငြှိမ်းသတ်နည်းများကို လက်တွေ့ ပူးပေါင်းဆောင်ရွက်ခဲ့ကြပြီး၊ ပြည်သူများ ပူးပေါင်းပါဝင်သည့် မီးသတ်ကားအသုံးပြု မီးငြှိမ်းသတ်နည်းများကို ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)