ကျောက်ဆည် မတ် ၆
မန္တလေးတိုင်းဒေသကြီး၊ ကျောက်ဆည်ခရိုင်ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းမှ ပြည်သူများ စားသုံးဆီ ဝယ်ယူသုံးစွဲရာ၌ အထောက်အပံ့ရရှိစေရန်အတွက် စားအုန်းဆီတင်သွင်းသော သတ်မှတ်အရည်အသွေး ပြည့်ဝသည့် Resources Group Trading Co.,Ltd မှ စားအုန်းဆီများကိုဝယ်ပြီး အိမ်ထောင်စုတစ်စုလျှင် ဆီဝယ်ယူခွင့်စာအုပ်များ ပြုလုပ်ပေး၍ တစ်ကြိမ်ရောင်းချပေးပါက ၂ ပိဿာနှုန်းဖြင့် အပတ်စဉ် ပြည်သူများအား အလှည့်ကျရောင်းချပေးလျက်ရှိကြောင်း သိရှိရပြီး ယမန်နေ့က စားအုန်းဆီ ၈၉၂ ပိဿာအား သတ်မှတ် ရည်ညွှန်းဈေးဖြင့် ရောင်းချပေးခဲ့ကြောင်း သိရသည်။
ထိုသို့ရောင်းချရာ၌ ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်အသင်းဝင် ဆီအရောင်းဆိုင်များဖြစ်သည့် ဦးထင်လင်းအောင်(အမေထွား)၊ ဒေါ်သဇင်အောင် (နေလသုခ)၊ ဒေါ်သီတာ(စစ်ငြိမ်း) ဆီအရောင်းဆိုင်များမှ ကြောင်ပန်းကုန်းကျေးရွာ၊ ကြောင်ကျေးရွာပြည်သူများအား ၂၂၀ ပိဿာ၊ ဖောင်ရွာရပ်ကွက်နှင့် မင်းရပ် ရပ်ကွက်ကျေးရွာပြည်သူများအား ၆၇၂ ပိသာ စုစုပေါင်း စားအုန်းဆီ ၈၉၂ ပိဿာ ရောင်းချပေးခဲ့ပြီး ကျန်ရှိနေသည့် ရပ်ကွက်/ကျေးရွာပြည်သူများအား အလှည့်ကျ ဆက်လက်ရောင်းချပေးသွားမည်ဖြစ်ကြောင်း ကျောက်ဆည်ခရိုင် ဆီကုန်သည်နှင့်ဆီလုပ်ငန်းရှင်များ အသင်းမှ သိရသည်။
စုစုအေး(ကျောက်ဆည်)