ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ မတ် ၆

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ မတ်လ ၆ ရက်နေ့ နေ့လယ်ပိုင်းက ကျောက်ဖြူမြို့နယ် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများအား ကွင်းဆင်းကြည့်ရှု စစ်ဆေးကြသည်။

ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရှေးဟောင်းသမိုင်ဝင်ပေါ်တော်မူ ကံ့ကော်တော ဘုရားအား သွားရောက်ဖူးမြော်ကာ ပန်း၊ ဆီမီး၊ ရေချမ်းများ ကပ်လှူပူဇော်ပြီး ဘုရားကြီး သိမ်တော်ဘက်စုံ ပြုပြင်မွမ်းမံနိုင်ရန်အတွက် အလှူငွေများပေးအပ် လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် kyauk phyu  INITIAL GAS STATION ကုမ္ပဏီသို့သွားရောက်ပြီး စီမံကိန်းလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများကို သွားရောက်ကြည့်ရှုကြသည်။ ထိုသို့ သွားရောက်ကြည့်ရှုကြစဉ် ကုမ္ပဏီမှတာဝန်ရှိသူများက သဘာဝ ဓာတ်ငွေ့များပို့လွှတ်နေမှု၊ ဒေသခံပြည်သူများ အလုပ်အကိုင်အခွင့်အလမ်းများ ရရှိနေမှု၊ ဒေသတွင်း လူမှုစီးပွား အကျိုးပြုလုပ်ငန်းများ ဆောင်ရွက်ပေးနေမှုနှင့် စီမံကိန်းလုပ်ငန်းများ လည်ပတ်နေမှုများအား လိုက်လံရှင်းလင်း ပြသကြရာ ပြည်နယ်ဝန်ကြီးချုပ်က သိရှိလိုသည်များကို မေးမြန်းဆွေးနွေးပြီး လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူ မြို့နယ်ရှိ အမှတ်(၃၂)လုံခြုံရေးရဲတပ်ဖွဲ့ခွဲ၌ အရာရှိစစ်သည်များနှင့်တွေ့ဆုံပြီး အမှတ်(၃၂)လုံခြုံရေး ရဲတပ်ဖွဲ့ခွဲ၌ တပ်တွင်း ရေရရှိရေးဆောင်ရွက်နေမှုများ၊ တပ်တွင်းလမ်းများ ကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများနှင့်ပတ်သက် ဆွေးနွေးကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများကတပ်ဖွဲ့ဝင်များနှင့် တပ်ဖွဲ့ဝင်များ၏ မိသားစုဝင်များအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ပေးအပ်ချီးမြှင့်သည့် စားသောက်ဖွယ်ရာများကို ပေးအပ်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် တပ်တွင်းရေရရှိရေးအတွက် ဆောင်ရွက်နေမှုများကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ကျေးလက် ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန၊ ကျောက်ဖြူခရိုင်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်နေမှုများနှင့် ပတ်သက်၍ ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ် ဝန်ကြီးချုပ်က လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်းပေးပြီး တပ်တွင်းလမ်းများကောင်းမွန်ရေးအတွက် ဆောင်ရွက်နေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ ရမ္မာဝတီခန်းမ၌ ခရိုင်နှင့် မြို့နယ်အဆင့် ဌာနဆိုင်ရာများ၊ ဆရာ၊ ဆရာမများ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများနှင့်တွေ့ဆုံပွဲသို့ တက်ရောက်သည်။

တွေ့ဆုံပွဲတွင် ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနေမင်းသူက ကျောက်ဖြူ ခရိုင်၏ ဒေသဆိုင်ရာအချက်အလက်များ၊ ကျောက်ဖြူမြို့နယ်အတွင်း Quick Win အစီအစဉ်နှင့် အကောင်အထည်ဖော် ဆောင်ရွက်မည့် လုပ်ငန်းများနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး  ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် တာဝန်ရှိသူများက ဒေသဖွံ့ဖြိုးတိုးတက်ရေး၊ လုံခြုံရေး၊ တရားဥပဒေစိုးမိုးရေး၊ ဌာနဆိုင်ရာများအချင်းချင်း ပူးပေါင်းညှိနှိုင်း ဆောင်ရွက်ရေး စသည့်ကဏ္ဍများနှင့်ပတ်သက်၍ အကြံပြု ရှင်းလင်းတင်ပြကြသည်။ ယင်းနောက် ပြည်နယ် ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက တပ်ဖွဲ့ဝင်များ၊ ခရိုင်နှင့်မြို့နယ် အဆင့်ဌာနဆိုင်ရာများသို့ ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်ချီးမြှင့်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက ကျောက်ဖြူခရိုင်ဖွံ့ဖြိုး တိုးတက်ရေးအတွက် ဌာနဆိုင်ရာများ အချင်းချင်းချိတ်ဆက်ကာ ပူးပေါင်းဆောင်ရွက်ကြရမည်ဖြစ်ကြောင်း၊ ကိုယ်စီအသိ စိတ်ဖြင့်ပူးပေါင်းပြီး ပြည်သူများကို ဝန်ဆောင်မှုပေးကြရမည်ဖြစ်ကြောင်း၊ ဒေသတစ်ခုဖွံ့ဖြိုးတိုးတက်ရန်အတွက် တည်ငြိမ် အေးချမ်းမှုရှိရန် လိုအပ်မည်ဖြစ်ကြောင်း၊ တည်ငြိမ်အေးချမ်းမှုရှိမှ တရားဥပဒေ စိုးမိုးမှုရှိမှ ထိုဒေသသည် ဖွံ့ဖြိုးတိုးတက်မည်ဖြစ်ကြောင်း၊ လုံခြုံမှုစနစ်တွင် ပြည်သူများပူးပေါင်း ပါဝင်သည့်စနစ်သည် အကောင်းဆုံး စနစ်ဖြစ်ကြောင်း၊ ထို့ကြောင့်ပြည်သူများအားလုံး ပူးပေါင်းပါဝင်ရန် လိုအပ်ကြောင်း၊ ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် ဝန်ထမ်းများ သက်သာ ချောင်ချိရေးအတွက် ဆန်နှင့် အခြေခံစားသောက်ကုန်များ ပေးအပ်လျက်ရှိပြီး တက္ကသိုလ်ဝင်တန်းအောင်ချက်မြင့်မားရေးအတွက် စစ်တွေတက္ကသိုလ်မှ ပါမောက္ခ(ဌာနမှူး)များအား စေလွတ်ပြီး အနီးကတ်သင်ကြားပို့ချပေးခဲ့ကြောင်း၊ Grade-12 ကျောင်းသား၊ ကျောင်းသူများ စာပေလေ့လာမှု ပိုမိုရရှိနိုင်ရန် စာကြည့်ဆိုလာ မီးလုံးများ ဖြန့်ဝေပေးထားပြီး ဖြစ်ကြောင်း၊ အလားတူ ကျောက်ဖြူခရိုင် အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ဆေးရုံကြီးတွင် ၂၄ နာရီ မီးရရှိနိုင်ရန်အတွက် 100 KVA ဆိုလာမီးများ တပ်ဆင်ပေးထားကြောင်း၊ ထို့ပြင် ဆိုလာစနစ်ဖြင့် မြို့တွင်းလမ်းမီးများ တတ်ဆင်ပေး ခဲ့ကြောင်းနှင့် မြို့နယ် ဖွံ့ဖြိုးတိုးတက်ရေးအတွက် အားလုံးတက်ညီလက်ညီ ပူးပေါင်းဆောင်ရွက်သွားကြရမည်ဖြစ်ကြောင်း ပြောကြားပြီး အခမ်းအနား တက်ရောက်လာသူများအား ရင်းရင်းနှီးနှီးတွေ့ဆုံနှုတ်ဆက်ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ကျောက်ဖြူမြို့၊ သာသနာ့ဗိမာန်တော်ကြီးအား ပြုပြင်နေမှု အားလည်းကောင်း၊ နာရီစင်အား ပြုပြင်ပြီးစီးမှုအားလည်းကောင်း၊ မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနရုံးအား ပြုပြင်ထိန်းသိမ်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှုအားလည်းကောင်း၊ မြို့မအားကစားကွင်းနှင့် အားကစား ခန်းမတို့၌ နွေရာသီအားကစားသင်တန်းများဖွင့်လှစ်သင်ကြားနေမှုနှင့် ပွဲကြည့်စင်အား အဆင့်မြှင့်တင် ဆောင်ရွက်ပြီးစီးမှုတို့အားလည်းကောင်း လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ ကြသည်။

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် မတ်လ ၅ ရက်နေ့နံနက်ပိုင်းတွင် ကျောက်ဖြူမြို့၊ နဂါးကျောင်း ပရိယတ္တိစာသင်တိုက်၌ ကျောက်ဖြူမြို့ပေါ်ရှိ ဆရာတော်ကြီးများအား သွားရောက် ဖူးမြော်ကြပြီး ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထုပစ္စည်းများဆက်ကပ်လှူဒါန်းကြရာ မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ၊ ဓမ္မဆာယာကျောင်းတိုက်ဆရာတော် ဘဒ္ဒန္တစန္ဒာဝရထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ ပြည်နယ်အစိုးရ အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများက  ဆရာတော်ကြီးများထံသို့ ဆွမ်းဆန်တော်နှင့်လှူဖွယ်ဝတ္ထု ပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများသည် ကျောက်ဖြူခရိုင် အထွေထွေရောဂါကု ခုတင် ၂၀၀ ဆံ့ ဆေးရုံကြီးတွင် ကျောက်ဖြူမြို့နယ်အတွင်းရှိ အသက်(၁)နှစ်အောက် ကလေးငယ်များနှင့် ကိုယ်ဝန်ဆောင်မိခင်များအား ကာကွယ်ဆေးထိုးနှံတိုက်ကျွေးနေမှုကို သွားရောက် ကြည့်ရှုအားပေးကြပြီး ကလေးငယ်များအား အမှတ်တရလက်ဆောင်များပေးအပ်ကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက ကာကွယ်းဆေးထိုးနှံ တိုက်ကျွေးရာတွင် ဝိုင်းဝန်းကူညီဆောင်ရွက်ပေးကြသော ဆရာဝန်၊ သူနာပြုများနှင့် ကျန်းမာရေး ဝန်ထမ်းများအတွက် ချီးမြှင့်ငွေများပေးအပ်ခဲ့ကြကြောင်း သိရသည်။

တင်ထွန်း (ပြန်/ဆက်)