ဆိပ်ကြီးခနောင်တို မတ် ၆
ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ ဆိပ်ကြီးခနောင်တိုမြို့နယ်၌ တွံတေးတူးမြောင်း ဖွံ့ဖြိုးတိုးတက်ရေးစီမံကိန်းဧရိယာနှင့်မလွတ်ကင်းသည့် ဆိပ်ကြီးအရှေ့ရပ်ကွက် တွံတေးတူးမြောင်းပိုင်မြေနေရှိ အဆောက်အဦနှင့် မြေနေရာများအတွက် နစ်နာကြေးပေးအပ်ခြင်းကို မတ်လ (၄) ရက်နေ့နံနက် ၁၀ နာရီအချိန်က မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ပြုလုပ်ခဲ့သည်။
ဦးစွာ စီမံကိန်းဒါရိုက်တာ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ညွှန်ကြားရေးမှူး ဦးဇော်လွင်က နစ်နာကြေးပေးအပ်မည့် အစီအစဥ်နှင့်ပတ်သက်၍ ရှင်းလင်းဆွေးနွေးပြောကြားခဲ့သည်။ ထို့နောက် စီမံကိန်းဒါရိုက်တာ ညွှန်ကြားရေးမှူး ဦးဇော်လွင်၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြင့်လှိုင်နှင့် တာဝန်ရှိသူများက တွံတေးတူးမြောင်းဖွံ့ဖြိုးတိုးတက်ရေး စီမံကိန်းဧရိယာနှင့် မလွတ်ကင်းသည့် ဆိပ်ကြီးအရှေ့ရပ်ကွက် တွံတေးတူးမြောင်းပိုင်မြေနေရှိ အဆောက်အဦနှင့် မြေနေရာများအတွက် ရပ်ကွက်နေပြည်သူ ၁၉ ဦးထံ နစ်နာကြေးများအား တစ်ဦးချင်းစီ စနစ်တကျပေးအပ်ခဲ့သည်။
အဆိုပါ နစ်နာကြေးပေးအပ်ပွဲသို့ စီမံကိန်းဒါရိုက်တာ ညွှန်ကြားရေးမှူး ဦးဇော်လွင်၊ ဒုတိယညွှန်ကြားရေးမှူး ဦးသန်းထိုက်ထွန်း၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ရေအရင်းအမြစ်နှင့်မြစ်ချောင်းများ ဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာန ဝန်ထမ်းများ၊ မြို့နယ် မြေယာလျော်ကြေး/နစ်နာ ကြေးပေးအပ်ရေးအဖွဲ့နှင့် ဆိပ်ကြီးအရှေ့ရပ်ကွက် တွံတေးတူးမြောင်းပိုင်မြေနေရာရှိ နစ်နာကြေးလက်ခံမည့်ပြည်သူများ တက်ရောက်ခဲ့ကြကြောင်း သိရသည်။
ဝေယံ(ပြန်/ဆက်)