ကချင်ပြည်နယ်ဝန်ကြီးချုပ် စိုက်ပျိုးရေးကဏ္ဍ၏ စိုက်ပျိုးဧကနှင့် အထွက်နှုန်းများ၏ ကိန်းဂဏန်းများ မြေပြင်ပကတိအခြေအနေအတိုင်း စာရင်းကောက်ယူတင်ပြနိုင်ရေး လုပ်ငန်းညှိနှိုင်းဆွေးနွေး

မြစ်ကြီးနား မတ် ၅

ကချင်ပြည်နယ်အတွင်း ၂၀၂၅ - ၂၀၂၆ ခုနှစ်အတွက် မိုးစပါး၊ နွေစပါးအပါအဝင် စိုက်ပျိုးသီးနှံ များ၏ စိုက်ပျိုးဧကများနှင့် အထွက်နှုန်းများ မြေပြင်ပကတိ အခြေအနေမှန်အတိုင်း စာရင်းများ ကောက်ယူ၍ တိကျမှန်ကန်မှုရှိစေရေး လုပ်ငန်းညှိနှိုင်းအစည်းဝေးကို ကချင်ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ မတ် ၃ ရက်နေ့ မွန်းလွဲ ၁ နာရီကကျင်းပရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန် တက်ရောက် အမှာစကားပြောကြားသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့နိုင်ငံအနေဖြင့် စိုက်ပျိုးရေးကို အခြေခံ၍ အခြားစီးပွားရေးကဏ္ဍများ ဖွံ့ဖြိုးတိုးတက်အောင် ဆောင်ရွက်ရသည့်အတွက် နိုင်ငံတော်အကြီးအကဲ၏ လမ်းညွှန်ချက်နှင့်အညီ နိုင်ငံ၏ အသက်သွေးကြောဖြစ်သည့် စိုက်ပျိုးရေးကဏ္ဍတွင် ကိန်းဂဏန်းစာရင်းများ တိကျမှန်ကန်စေရေးနှင့် ကိန်းဂဏန်းများ ဖောင်းပွမှုမရှိရန် အလွန်အရေးကြီးပါကြောင်း၊ ဏိန်းဂဏန်းများ တိကျမှန်ကန်ခြင်းသည် နိုင်ငံ့စီးပွားရေးဖွံ့ဖြိုးတက်မှု၏ အခြေခံဖြစ်ပါကြောင်း၊ သို့ဖြစ်ပါ၍ ကိန်းဂဏန်းများ စုဆောင်းသည့်နေရာတွင် ပကတိအခြေအနေနှင့် အနီးစပ်ဆုံး တိကျမှန်ကန်စေရေး ကွင်းဆင်းကောက်ယူခြင်း၊ တောင်သူများထံမှ လက်ဆင့်ကမ်း ကောက်ယူဖြည့်သွင်းခြင်းဖြင့် တိကျမှန်ကန်မှု အမြင့်မားဆုံးဖြစ်အောင် အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် ပြည်နယ်မြေစာရင်းဦးစီးဌာန ပြည်နယ်ဦးစီးမှူးနှင့် ပြည်နယ်စိုက်ပျိုးရေးဦးစီးဌာန ပြည်နယ်ဦးစီးမှူးတို့က ကချင်ပြည်နယ်အတွင်း စိုက်ပျိုးမြေအသုံးချနိုင်မှုအပေါ် ၂၀၂၅-၂၀၂၆ ခုနှစ် အတွက် မိုးစပါး၊ နွေစပါး၊ ဆီထွက် သီးနှံအပါအဝင် သီးနှံမျိုးစုံ စိုက်ဧကနှင့် ရိတ်သိမ်းပြီးစီးမှုကို အခြေခံ၍စာရင်းကောက်ယူထားသည့် ကိန်းဂဏန်းအချက်အလက်များကို ပါဝါပွိုင့်များဖြင့် အသီးသီး ရှင်းလင်းတင်ပြကြရာ တက်ရောက်လာကြသူများမှ အကြံပြုဆွေးနွေးတင်ပြခဲ့ကြပြီး ပြည်နယ် ဝန်ကြီးချုပ်ကနိုင်ငံ့စီးပွားဖွံ့ဖြိုးတိုးတက်မှု၏အခြေခံကို ပိုမိုခိုင်မာအားကောင်းစေရေးအတွက် အဓိက အချက်ဖြစ်သည့် ကိန်းဂဏန်းများ တိကျမှန်ကန်စေရေး အားလုံးက ဝိုင်းဝန်းပူး‌ပေါင်းဆောင်ရွက်ကြရေးနှင့် လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း၍ ဖြည့်ဆည်းဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ်(ပြန်/ဆက်)