လမ်းမတော်မြို့နယ်တွင် နွေရာသီအခြေခံအင်္ဂလိပ်စာသင်တန်း အခမဲ့ဖွင့်လှစ်သင်ကြား

လမ်းမတော် မတ်

ရန်ကုန်တိုင်းဒေသကြီး၊ ကျောက်တံတားခရိုင်၊ လမ်းမတော်မြို့နယ်တွင် နွေရာသီကျောင်းပိတ်ရက်ကာလအတွင်း ကျောင်းသား၊ ကျောင်းသူများ အသိပညာဗဟုသုတ တိုးတက်ပွားများစေရန်ရည်ရွယ်၍ နွေရာသီအင်္ဂလိပ်စာ အခမဲ့သင်တန်းကို ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၊ လူထုအခြေပြုဗဟိုဌာနခန်းမတွင် ယမန်နေ့မွန်းလွဲ (၁) နာရီအချိန်က ဖွင့်လှစ်ခဲ့သည်။

ထိုသို့ဖွင့်လှစ်ရာတွင် လမ်းမတော်မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်တင်တင်စိန်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်များကို ရှင်းလင်းပြောကြားခဲ့ပြီး သင်တန်းဆရာမ ဒေါ်ရူပါသိမ်းက သင်တန်းတွင် သင်ကြားမည့် Level များအလိုက် သင်ကြားပို့ချမည့်သင်ခန်းစာများနှင့်ပတ်သက်၍ မိတ်ဆက်ပြောကြားခဲ့သည်။

အဆိုပါသင်တန်းသို့ လမ်းမတော်မြို့နယ်အတွင်းရှိ အခြေခံပညာကျောင်းများမှ ကျောင်းသား၊ ကျောင်းသူများစုစုပေါင်း (၃၀) ဦး တက်ရောက်သင်ယူခဲ့ကြပြီး သင်တန်းကာလကို မတ်လ (၄) ရက်နေ့မှ (၄) ပတ် မွန်းလွဲ (၁) နာရီမှ ညနေ (၃) နာရီအထိ သင်ကြားပို့ချပေးသွားမည်ဖြစ်ကြောင်း သိရသည်။

မြို့နယ် (ပြန်/ဆက်)