သာကေတ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ သာကေတမြို့နယ်၌ ယာဥ်မောင်းနေစဥ် ဖုန်းအသုံးမပြုရကမ်ပိန်းကို ယမန်နေ့နံနက်ပိုင်းက သာကေတအဝိုင်းထိပ်တွင် ပြုလုပ်ခဲ့သည်။
ရှေးဦးစွာ အမှတ် (၆) ယာဥ်ထိန်းရဲဒုတပ်ဖွဲ့ခွဲ (ရန်ကုန်အရှေ့) ဒုတပ်ဖွဲ့ခွဲမှူးရဲမှူး ကျော်ဆန်း ကြီးကြပ်ကွပ်ကဲလျက် သာကေတမြို့နယ် အမှတ် (၃၇) ယာဥ်ထိန်းရဲတပ်ဖွဲ့စု ဒုရဲမှူး အောင်ဇော်ထွန်းနှင့် ယာဥ်ထိန်းရဲတပ်ဖွဲ့ဝင်များပါဝင်သော ပူးပေါင်းအဖွဲ့များက ကိုယ်ပိုင်ယာဥ်များ၊ ခရီးသည်တင်ယာဥ်များ၊ အငှားယာဥ်များ စုစုပေါင်း ယာဥ်အစီးရေ ၃၀၀ တို့အား အမှတ် (၂) ယာဥ်ထိန်းရဲတပ်ဖွဲ့ခွဲ (ရန်ကုန်) မှ ထုတ်ဝေသည့် လက်ကမ်းစာစောင်များကို အခမဲ့ဖြန့်ဝေခြင်းနှင့် Driving Myanmar Group (DMG) မှထုတ်ဝေသည့် ယာဥ်မောင်းနေစဥ် ဖုန်းအသုံးမပြုရစတစ်ကာများကို မော်တော်ယာဥ်များတွင် ကပ်ပေးခြင်း၊ အခမဲ့ဖြန့်ဝေခြင်းတို့ အသိပညာပေး ဆောင်ရွက်ခဲ့ကြသည်။
အဆိုပါကမ်ပိန်းကို ယာဥ်ထိန်းရဲတပ်ဖွဲ့များနှင့် Driving Myanmar Group (DMG) Main Adim အဖွဲ့၊ သာကေတမြို့နယ်တာဝန်ခံ ဦးကျော်ကျော်လွင် (ကိုကမာညီနောင်) နှင့် မြို့နယ်အသီးသီးမှ တာဝန်ခံများ၊ အဖွဲ့ဝင်များပူးပေါင်း၍ ဆောင်ရွက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
သဲထက်ဇင်(ပြန်/ဆက်)