ဒေါပုံ မတ် ၅
ဗိုလ်တထောင်ခရိုင်၊ ဒေါပုံမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ အပတ်စဉ်ဗုဒ္ဓဟူးနေ့တိုင်း ဆောင်ရွက်ပေးလျက်ရှိသည့် သက်ကြီးကျန်းမာရေးစောင့်ရှောက်မှု ဆေးခန်းနှင့် မြို့နယ်အားကစားခန်းမများတွင် ယမန်နေ့နံနက် (၈) နာရီအချိန်ကစတင်ကာ သက်ကြီးကျန်းမာရေးစောင့်ရှောက်မှုနှင့် တီဘီရောဂါရှာဖွေကုသခြင်း အစီအစဉ်ကို ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ဦးစွာ ကျန်းမာရေးစောင့်ရှောက်မှုအစီအစဉ်တွင် သက်ကြီးမိဘပြည်သူများအား မကူးစက်ရောဂါများဖြစ်သည့် သွေးတိုးနှင့် ဆီးချိုရောဂါများကင်းဝေးစေရန် နေထိုင်စားသောက်မှု မှန်ကန်စေရေး အသိပညာပေးဟောပြောခဲ့ပါသည်။ ထို့အပြင် ရန်ကုန်တိုင်းဒေသကြီး ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး၏ လမ်းညွှန်မှုဖြင့် တီဘီရောဂါတိုက်ဖျက်ရေးဌာနခွဲ (ရန်ကုန်) မှ တီဘီလူနာရှာဖွေခြင်း၊ Screening ပြုလုပ်ခြင်းနှင့် ခုံထိုင်ကျန်းမာရေး လေ့ကျင့်ခန်းများ စုပေါင်းပြုလုပ်ခြင်းတို့ကို ဆောင်ရွက်ခဲ့ကြပါသည်။ ယင်းနောက် ကျန်းမာရေးဝန်ထမ်းများက သက်ကြီးရွယ်အိုများကို ကျန်းမာရေးစစ်ဆေးခြင်းနှင့် ဆေးပေးခြင်းတို့ကို ဆောင်ရွက်ပေးခဲ့ကြသည်။
အဆိုပါ ကျန်းမာရေးစောင့်ရှောက်မှု လုပ်ငန်းများဆောင်ရွက်ရာတွင် ပြည်သူ့ကျန်းမာရေး ဦးစီးဌာနမှူး ဒေါက်တာမျိုးမျိုးခိုင်နှင့် ကျန်းမာရေးဝန်ထမ်းများကဆောင်ရွက်ခဲ့ကြပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးထူးထက်နှင့်အဖွဲ့ဝင်များ၊ မြို့မိမြို့ဖများ၊ မြို့နယ်မိခင်နှင့်ကလေး စောင့်ရှောက်ရေးအဖွဲ့ဥက္ကဋ္ဌ ဒေါ်မေဇင်ဖြိုးနှင့်အဖွဲ့ဝင်များ၊ ပရဟိတ အဖွဲ့များကပူးပေါင်းပါဝင်ကာ လိုအပ်သည်များကိုပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။
ချစ်စုဝေ(ပြန်/ဆက်)