ပျော်ဘွယ် မတ် ၅
ပျော်ဘွယ်မြို့နယ်မီးသတ်ဦးစီးဌာနမှ ဟိုတယ်များမီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးခြင်း၊ ဟိုတယ်နှင့်လိုက်လျော ညီထွေဖြစ်စေမည့် မီးဘေးကြိုတင်ကာကွယ်ရေး အသုံးအဆောင်ပစ္စည်းများ အသင့်ထားရှိမှုစစ်ဆေးခြင်းကို မတ် ၅ ရက် နံနက် ၉ နာရီက မြို့ပေါ်ရှိဟိုတယ်များသို့သွားရောက်ဆောင်ရွက်သည်။
ရှေးဦးစွာ ခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေးအတွက် ဟိုတယ်ဝန်ထမ်းများသိရှိထားရမည့်အကြောင်းအရာများ၊ မီးဘေးကြိုတင်ကာကွယ်ရေးသုံးပစ္စည်းများကို ကျွမ်းကျင်စွာအသုံးပြုတတ်စေရန် လေ့ကျင့်ရမည့်အခြေအနေများကို အသိပညာပေးရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးနှင့်တပ်ဖွဲ့ဝင်များက သက်ဆိုင်ရာဟိုတယ်များ၌ ရှိသင့်ရှိထိုက်သော ရေလှောင်ကန်များ၌ ရေသိုလှောင်ထားမှု၊ ဟိုတယ်အတွင်း မီးခိုးငွေ့များထွက်ပေါ်လာပါက သတိပေးစက်များတပ်ဆင်ထားမှု၊ မီးငြှိမ်းသတ်သည့် ရေပိုက်လိုင်းများ ကောင်းမွန်မှု၊ လျှပ်စစ်အန္တရာယ်ကာကွယ်ရေးဆောင်ရွက်ထားမှု စသည်တို့ကိုကြည့်ရှုစစ်ဆေးပြီး လိုအပ်သည်များကို ဆက်လက်ဆောင်ရွက်သွားရန် သက်ဆိုင်ရာတာဝန်ရှိသူများနှင့် ညှိနှိုင်းဆွေးနွေးခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)