ဒဂုံတောင် မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ဒဂုံမြို့သစ်ခရိုင်၊ ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်တွင် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်း လုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် မြို့နယ်အဆင့် အသိပညာပေးဆွေးနွေးပွဲကို မတ်လ (၃) ရက် နံနက် (၁၀) နာရီက မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနတွင် ကျင်းပဆောင်ရွက်ကြောင်း သိရသည်။
ဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစန်းလွင်က အဖွင့်အမှာစကားပြောကြားပြီး မြို့နယ်ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှူး ဒေါက်တာစိုးလင်းထူးက ကာကွယ်ဆေးထိုးလုပ်ငန်းများ ဆောင်ရွက်မှုနှင့် ပတ်သက်သည့် မှတ်တမ်းဗီဒီယိုကို ဖွင့်လှစ်ပြသ၍ ကာကွယ်ဆေးထိုးလုပ်ငန်းများ ပိုမိုအရှိန်အဟုန်မြှင့် ဆောင်ရွက်မည့် အစီအစဉ်များ ကာကွယ်ဆေးထိုးခြင်း အကျိုးကျေးဇူးများ ရှင်းလင်းဆွေးနွေးပြီး အခမ်းအနားသို့ တက်ရောက်လာကြသူများက သိလိုသည်များကို မေးမြန်းကြရာ တာဝန်ရှိသူများက ပြန်လည်ရှင်းလင်းဖြေကြားသည်။
အဆိုပါအခမ်းအနားသို့ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာများ၊ မြို့နယ်အမျိုးသမီးရေးရာနှင့် မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအဖွဲ့ဝင်များ၊ NGO အသင်းအဖွဲ့များနှင့် ရပ်ကွက်အုပ်ချုပ်ရေးမှူးများ တက်ရောက်ကြကြောင်း သိရသည်။
သန်းသန်းအေး (ပြန်/ဆက်)