မိတ္ထီလာ မတ် ၅
မန္တလေးတိုင်းဒေသကြီး မိတ္ထီလာခရိုင် မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါး (ရေဆင်းပေါ်ဆန်း-၂ စိုက်ပျိုးခြင်းသရုပ်ပြပွဲကို မတ် ၅ ရက် နံနက် ၈ နာရီက မြာကျေးရွာအုပ်စု ရေဝေကျေးရွာရှိ ဦးပိုင်အမှတ် ၁၀၊ ကွင်းအမှတ် ၁၀၇၅ ရှိ တောင်သူ ဦးအောင်မောင်၏ စိုက်ဧက နှစ်ဧကတွင် ကျင်းပသည်။
နွေစပါး(ရေဆင်းပေါ်ဆန်း-၂)စိုက်ပျိုးခြင်းသရုပ်ပြပွဲတွင် မြို့နယ်စိုက်ပျိုးရေးဦးစီးဌာနမှူး ဦးသက်နိုင်အေးက ဒေသခံတောင်သူများ စပါးမျိုးစေ့ချကိရိယာကို တွင်ကျယ်စွာအသုံးပြုနိုင်ရေး၊ လက်မှုလယ်ယာစနစ်မှ စက်မှုလယ်ယာစနစ်သို့ အသွင်ကူးပြောင်း ဆောင်ရွက်နိုင်စေရေး၊ လုပ်သားအင်အားရှားပါးမှုပြဿနာ ဖြေရှင်းပေးနိုင်ရေး၊ အချိန်တိုအတွင်း စိုက်ဧကများကို စိုက်ပျိုးနိုင်ခြင်းနှင့် စပါးအထွက်နှုန်းကောင်းမွန်စေခြင်းစသည့် ရည်ရွယ်ချက်များဖြင့်ဆောင်ရွက်ခြင်းဖြစ်ကြောင်း ရှင်းလင်းပြောကြားသည်။ ၎င်းနောက် စပါးမျိုးစေ့ချကိရိယာ(Seeder)ဖြင့် နွေစပါး(ရေဆင်းပေါ်ဆန်း-၂)ကို စိုက်ပျိုးရာ မြို့နယ်စိုက်ပျိုးရေးညှိနှိုင်းမှုအဖွဲ့ဥက္ကဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဇော်အောင်လေးနှင့် အဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဒေသခံတောင်သူများက ကြည့်ရှုအားပေးသည်။ မိတ္ထီလာမြို့နယ်တွင် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၌ နွေစပါးစိုက်ပျိုးဧက ၁၀၉၀ စိုက်ပျိုး သွားမည်ဖြစ်ကြောင်း သိရသည်။
သိန်းမြင့်ကျော်(မိတ္ထီလာ)