မိုင်းဆတ်မြို့၌ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများ ဖွင့်လှစ်

မိုင်းဆတ် မတ် ၅

ရှမ်းပြည်နယ်(အရှေ့ပိုင်း)၊ မိုင်းဆတ်မြို့၌ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူး၍ ၂၀၂၆ ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်းများကို မတ်လ ၃ ရက်နေ့မှစတင်ကာ အောင်ဇေယျဘက်စုံအားကစားကွင်း၌ ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း သိရသည်။

အဆိုပါ သင်တန်းများကို ကျောင်းသား၊ ကျောင်းသူ၊ လူငယ်၊ လူရွယ်များ နွေရာသီကျောင်း ပိတ်ရက်ကာလအတွင်း အချိန်ကို အကျိုးရှိစွာအသုံးချတတ်စေရန်၊ ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်နှင့် အဆိုပါ အားကစားသင်တန်းများမှတစ်ဆင့် ထူးချွန်အားကစားသမားများ မွေးထုတ်ပေးနိုင် ရန်ရည်ရွယ်၍ ဖွင့်လှစ်ရခြင်းဖြစ်ပြီး သင်တန်းတွင် ပြေးခုန်ပစ်၊ ဘောလုံး၊ ဖူဆယ်၊ ဘော်လီဘော၊ ပိုက်ကျော်ခြင်း၊ ကရာတေး၊ အေရိုးဗစ်၊ Fitness Dance၊ ကြက်တောင်၊ စားပွဲတင်တင်းနစ် စသည့် အားကစားနည်း(၁၀)နည်း သင်ကြားပေးလျက်ရှိပြီး သင်တန်းကာလမှာ မတ်လ ၃ ရက်နေ့မှ ၂၁ ရက်နေ့အထိ ဖွင့်လှစ်သွားမည်ဖြစ်ကြောင်းနှင့် မြို့နယ်အတွင်းရှိ အားကစားဝါသနာရှင် လူငယ်၊ လူရွယ်များ၊ ကျောင်းသား၊ ကျောင်းသူများ တက်ရောက်လျက်ရှိကြောင်း သိရသည်။

သင်တန်းတွင် သင်တန်းသားများအား သင်တန်းသားတစ်ဦးလျှင် အားကစားဝတ်စုံ(၁)စုံစီ အခမဲ့ထောက်ပံ့ပေးအပ်သွားမည်ဖြစ်ပြီး သင်တန်းဆင်းလက်မှတ်များလည်း ပေးအပ်သွားမည်ဖြစ်ကြောင်း မြို့နယ်အားကစားနှင့် ကာယပညာဦးစီးဌာနမှ မြို့နယ်တာဝန်ခံ ဦးမြင့်တင်ထံမှ သိရသည်။

ယဉ်ယဉ်ဝင်း(ပြန်/ဆက်)