ရွှေပြည်သာ မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ မင်္ဂလာဒုံခရိုင်၊ ရွှေပြည်သာမြို့နယ်၌ နွေရာသီဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းကို မတ်လ ၃ ရက်နေ့ မွန်းတည့် ၁၂ နာရီခွဲအချိန်တွင် မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန အစည်းအဝေးခန်းမ၌ ဖွင့်လှစ်ခဲ့သည်။
အခမ်းအနားတွင် မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမြင့်ဦးက အဖွင့်အမှာစကားပြောကြားပြီး ယဉ်ကျေးလိမ္မာစာအုပ် အခြေခံဗုဒ္ဓဘာသာယဉ်ကျေးမှု သင်ခန်းစာစာအုပ်များကိုလည်းကောင်း၊ ဒုမြို့နယ်အုပ်ချုပ်ရေးမှူး ဦးစောသန့်ဇင်ဦးက ဗလာစာအုပ်များနှင့် ဘောပင်များ၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဥက္ကဋ္ဌ ဒေါ်ယဉ်မေသွယ်က အချိုရည်ဘူးများနှင့် မုန့်များကို ပေးအပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
အဆိုပါနွေရာသီ ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းသို့ မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန ဝန်ထမ်းသား/သမီး (၂၀) ဦး၊ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင် (၂၁) ဦး၊ စုစုပေါင်း (၄၁) ဦး တက်ရောက်ခဲ့ပြီး သင်တန်းဆရာမ (၄) ဦးဖြင့် မတ်လ (၃) ရက်နေ့မှ (၃၁) ရက်နေ့ထိ မွန်းလွဲ (၁) နာရီမှ (၄) နာရီထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
နေမျိုးထွန်း (ပြန်/ဆက်)