မောက်မယ်မြို့နယ်၌ နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနား ကျင်းပ

မောက်မယ် မတ် ၅

ရှမ်းပြည်နယ်(တောင်ပိုင်း)၊ လင်းခေးခရိုင်၊ မောက်မယ်မြို့နယ်အတွင်းရှိ လူငယ်လူရွယ်များ နွေရာသီကျောင်းပိတ်ရက်များတွင် အချိန်ကိုအကျိုးရှိစွာအသုံးချနိုင်စေရန်၊ လူငယ်မျိုးဆက်သစ်အား ကစားသမားများမွေးထုတ်ပေးနိုင်ရေး၊ လူငယ်လူရွယ်အချင်းချင်း ချစ်ခင်စည်းလုံးညီညွတ်မှုရရှိရေး ၊ ကိုယ်ခန္ဓာကျန်းမာကြံ့ခိုင်ဖွံ့ဖြိုးတိုးတက်စေရန်၊ လူငယ်များကာယစွမ်းအား၊ ဉာဏစွမ်းအားတိုးတက်မြင့်မားစေရန်နှင့် ထူးချွန်ထက်မြက်ပြီးအရည်အသွေးပြည့်ဝသော နိုင်ငံ့ဂုဏ်ဆောင်မည့် မျိုးဆက်သစ်အားကစားသမားကောင်းများ ပေါ်ထွန်းလာစေရန်ရည်ရွယ်၍ မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ကြီးမှူးကျင်းပသည့် နွေရာသီအခြေခံအားကစားသင်တန်းဆင်းပွဲအခမ်းအနားကို မတ်လ ၃ ရက်နေ့ မွန်းလွဲ နာရီက မြို့နယ်နမ့်ယွမ်းခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အဆိုပါသင်တန်းဆင်းပွဲတွင် ကျောင်းသူလေးများက အေရိုးဗစ်အကဖြင့် ဖွင့်လှစ်ပြီး မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးမင်းသက်နိုင်က သင်တန်းနည်းပြများအား နည်းပြစရိတ်ချီးမြှင့်ငွေများ ပေးအပ်ကာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဝင်များနှင့် တာဝန်ရှိသူများတို့က ဘောလုံး၊ ဘော်လီဘော၊ ကြက်တောင်၊ ပိုက်ကျော်ခြင်းနှင့် အေရိုးဗစ်သင်တန်းဆင်းလက်မှတ်များကို အသီးသီးပေးအပ်ခဲ့ကြောင်းနှင့် သင်တန်းသား/သင်တန်းသူ စုစုပေါင်း (၂၀၅) ဦး တက်ရောက်ကြောင်း မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနထံမှ သိရသည်။

စိုင်းမျိုးသန့်(မောက်မယ်)