တာမွေမြို့နယ် လူထုအခြေပြုဗဟိုဌာန (Community Centre) တွင် ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲ အခမ်းအနားကျင်းပ

တာမွေ မတ် ၅        

ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာန၏ စီစဉ်မှုဖြင့် ဖွင့်လှစ်ခဲ့သည့် ပန်းချီရေးဆွဲနည်းသင်တန်းဆင်းပွဲအခမ်းအနားကို ယမန်နေ့ နံနက်ပိုင်းအချိန်က အဆိုပါရုံးလူထုအခြေပြုဗဟိုဌာန (Community Centre) ခန်းမ၌ ကျင်းပပြုလုပ်ခဲ့သည်။

အခမ်းအနားတွင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က သင်တန်းဆင်းအမှာစကားပြောကြားခဲ့ပြီး ပန်းချီပညာရှင် ဆရာဦးစိန်ဝင်းက ပန်းချီပြိုင်ပွဲ အမှတ်ပေးစည်းမျဉ်းများကို အ‌သေးစိတ်ရှင်းလင်းပြောကြားခဲ့သည်။

ဆက်လက်၍ ပန်းချီရေးဆွဲနည်းသင်တန်းတွင် ဆုရရှိသူများအား ဆုများပေးအပ်ချီးမြှင့်ခဲ့ပြီး ပန်းချီပညာရှင် နည်းပြ ဆရာဦးစိန်ဝင်းအား ဂါရဝပြုအမှတ်တရလက်ဆောင်ပေးအပ်ချီးမြှင့်ခဲ့သည်။ အခမ်းအနားတွင် ဆုရသင်တန်းသူတစ်ဦးက ကျေးဇူးတင်စကားပြောကြားရာတွင် “ယခုပန်းချီရေးဆွဲနည်းသင်တန်းမှာ ပထမဆုရရှိခဲ့လို့ ပျော်ရွှင်ရပါတယ်။ ယခုလိုနွေရာသီအားလပ်ချိန်မှာ ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးစီးဌာနက သင်တန်းတွေကို (အခမဲ့) ဖွင့်ပေးနေလို့ ကျွန်မတို့ တက်ရောက်သင်ကြားခွင့်ရတာပါ။ ဒီဌာနကိုလာရောက်ရတာ အရမ်းကိုပျော်ရွှင်ရပါတယ်။ အသိပညာတွေလည်းတိုးပါတယ်။ မိတ်ဆွေသူငယ်ချင်းတွေလည်း တိုးပါတယ်။ ပန်းချီဆရာကြီးကိုလည်း အထူးကျေးဇူးတင်ပါတယ်” ဟုပြောကြားခဲ့ကြောင်းနှင့် ၂၀၂၆ - ခုနှစ် ဖေဖော်ဝါရီလ (၂၃) ရက်နေ့မှ မတ်လ (၄) ရက်နေ့အထိ (၁၀) ရက်ကြာ (အခမဲ့) ဖွင့်လှစ်သင်ကြား‌ပေးခဲ့သည့် ပန်းချီရေးဆွဲနည်းသင်တန်းတွင် တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ကျောင်းသူ၊ လူငယ်လူရွယ်လေးများအနေဖြင့် နွေရာသီကျောင်းပိတ်ရက် အားလပ်ချိန်များတွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်၊ ကလေးငယ်များ၏ ဆန်းသစ်တီထွင် ဖန်တီးမှုစွမ်းရည်များ မြင့်မားတိုးတက်လာစေရန်နှင့် မြန်မာ့လက်မှုပညာရပ်တစ်ခုဖြစ်သည့် ပန်းချီအနုပညာနှင့် ပတ်သက်၍ ကျယ်ကျယ်ပြန့်ပြန့်သိရှိပြီး အမြတ်တနိုးတန်ဖိုးထားတတ်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခဲ့ခြင်းဖြစ်ကြောင်း သတင်းရရှိပါသည်။

မို့မို့အောင် (ပြန်/ဆက်)