ခရမ်း မတ် ၅
ရန်ကုန်တိုင်းဒေသကြီး၊ သန်လျင်ခရိုင်၊ ခရမ်းမြို့နယ်၌ မြို့နယ်အဆင့် ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာအရှိန်အဟုန်မြှင့် ဆောင်ရွက်နိုင်ရေး အသိပညာပေးဆွေးနွေးပွဲကို ယမန်နေ့က ခရမ်းမြို့နယ် ပြည်သူ့ကျန်းမာရေးဦးစီးဌာန မွန်မြတ်မေတ္တာခန်းမတွင် ကျင်းပခဲ့ကြောင်း သိရသည်။
ဆွေးနွေးပွဲတွင် မြို့နယ်ပြည်သူ့ကျန်းမာရေးနှင့် ကုသရေးဦးစီးဌာနမှူး ဒုတိယညွှန်ကြားရေးမှူး ဆရာကြီး ဒေါက်တာ ခင်မောင်ရင်က ကာကွယ်ဆေးထိုးကလေးမကျန်စေရေးအတွက် တစ်နှစ်အောက်ကလေးစာရင်းနှင့် ကိုယ်ဝန်ဆောင်စာရင်းအရေးကြီးပုံအား ရှင်းလင်းပြောကြားခြင်း၊ ကာကွယ်ဆေးထိုးနှံတိုက်ကျွေးခြင်းလုပ်ငန်းများ ပိုမိုအဆင်ပြေချောမွေ့စွာ အရှိန်အဟုန်မြှင့်ဆောင်ရွက်နိုင်ရေးအတွက် ပုံမှန်ကာကွယ်ဆေးထိုးလုပ်ငန်းအကြောင်းနှင့် ၂၀၂၅ ခုနှစ်အတွင်း ကာကွယ်ဆေးထိုးနှံမှုအခြေအနေအကြောင်း ရှင်းလင်းတင်ပြခြင်းနှင့် လူဦးရေစာရင်းဇယားမှန်ကန်ရေးအတွက် ဆောင်ရွက်ရမည့် လုပ်ငန်းစဥ်များအား ဆွေးနွေးညှိနှိုင်းခြင်း၊ လက်ရှိဆောင်ရွက်လျက်ရှိသော ကာကွယ်ဆေးထိုးနှံပေးနေမှုအခြေအနေများကို ရှင်းလင်းပြောကြားခဲ့သည်။
ဆက်လက်၍ အစည်းအဝေးတက်ရောက်လာသူများမှ သိလိုသည်များကို ဆွေးနွေးမေးမြန်းမှုများအပေါ် ကျန်းမာရေးမှူး (၁) ဦးလှစိုးမှ ပြန်လည်ရှင်းလင်းဖြေကြားပေးခဲ့ကြောင်း သိရသည်။
အဆိုပါအသိပညာပေးဆွေးနွေးပွဲသို့ ကျန်းမာရေးဝန်ထမ်းများ မြို့နယ်မိခင်နှင့် ကလေးစောင့်ရှောက်ရေးအသင်းအဖွဲ့ဝင်များ မြို့နယ်အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ ရပ်ကွက်အုပ်ချုပ်ရေးမှူးများ၊ မြို့နယ်ကြက်ခြေနီတပ်ဖွဲ့နှင့် ပရဟိတအဖွဲ့ဝင်များ တက်ရောက်ခဲ့ကြောင်း သိရသည်။
ခရမ်း (ပြန်/ဆက်)