ပျော်ဘွယ်မြို့နယ်၌ နိုင်ငံတော်အစိုးရမှဆက်ကပ်လှူဒါန်းပူဇော်သည့် ဘွဲ့တံဆိပ်ရရှိတော်မူသောဆရာတော်အား  ဂုဏ်ပြုပူဇော်

ပျော်ဘွယ် မတ် ၄

၂၀၂၆ ခုနှစ် နိုင်ငံတော်အစိုးရမှဆက်ကပ်လှူဒါန်းပူဇော်သည့် “မဟာသဒ္ဓမ္မဇောတိကဓဇ” ဘွဲ့တံဆိပ်ရရှိတော်မူသော မင်းလမ်း(တောင်)ကျေးရွာ ဝေဘူလသာယာကုန်းကျောင်းတိုက်၏ ဦးစီးပဓာနနာယက နိုင်ငံတော်ဗဟိုသံဃဝန်ဆောင်ဆရာတော် ဘဒ္ဒန္တတဿကုမာရ ထေရ်ရှင်သူမြတ်အား ပျော်ဘွယ်မြို့နယ်ဥပတ္ထမ္ဘကအဖွဲ့မှ ဦးဆောင်၍ ဂုဏဝိသိဋ္ဌပူဇာမင်္ဂလာ ဂုဏ်ပြုပူဇော်ပွဲကို မတ် ၄ ရက် နံနက် ၈ နာရီခွဲက မြို့နယ်ရာပြည့်သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။

အခမ်းအနားတွင် မြို့နယ်သံဃနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဂုဏာစာရထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးစိန်မြင့်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။

ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့် အဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးအာကာစိုးနှင့်အဖွဲ့ဝင်များ၊ အလှူရှင်များက လှူဖွယ်ဝတ္ထုပစ္စည်းများကို ဆရာတော်၊ သံဃာတော်များထံဆက်ကပ်လှူဒါန်းကာ လှူဒါန်းမှု အစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေပြီး နေ့ဆွမ်းဆက်ကပ်လှူဒါန်းခဲ့ကြောင်းသိရသည်။

မင်းမင်းထွေး(ပျော်ဘွယ်)