မိုးညှင်း မတ် ၄
မြန်မာနိုင်ငံစာကြည့်တိုက်များဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ခွဲဝေချထား ငွေကျပ် သိန်း (၁၅၀) ဖြင့် ဆောက်လုပ်ပြီးစီးခဲ့သည့် အလင်းသစ်စာကြည့်တိုက်ကို ကချင်ပြည်နယ် မိုးညှင်းခရိုင် မိုးညှင်းမြို့နယ် ညောင်ကိုင်းကျေးရွာ၌ ယနေ့နံနက် (၉) နာရီက စည်ကားသိုက်မြိုက်စွာ ဖွင့်လှစ်ကြောင်း သိရသည်။
ဦးစွာစာကြည့်တိုက်ကို ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကျော်စိုးတင့်၊ မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမြတ်ခိုင်ကို၊ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေး ဦးစီးဌာနမှ ခရိုင်ဦးစီးမှူး ဒေါ်နွယ်နွယ်အေးနှင့် ကျေးရွာအုပ်စု အုပ်ချုပ်ရေးမှူး ဦးစိုးသန်းတို့က ဖဲကြိုးဖြတ်ဖွင့်လှစ်ကြပြီး တက်ရောက်လာကြသည့် သက်ဆိုင်ရာ ခရိုင်/မြို့နယ်ဌာနဆိုင်ရာ အကြီးအကဲများ၊ ကျေးရွာစာကြည့်တိုက်ကော်မတီဝင်များ၊ ကျေးရွာသူ ကျေးရွာသားများနှင့်စုပေါင်း မှတ်တမ်းတင် ဓာတ်ပုံရိုက်ကူးကြသည်။
ဆက်လက်၍ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက အဖွင့်အမှာစကားပြောကြားရာတွင် စာတတ်သူတိုင်းစာဖတ်ကြရေး နှိုးဆော်တိုက်တွန်းရန်၊ အသိပညာပေးရေးကို ဆက်လက်ဆောင်ရွက် ကြရန်နှင့် စာတတ်ရုံအတတ်ပညာပြည့်ဝရုံသာမက စဉ်းစားတွေးခေါ်ဉာဏ်နှင့် အသိပညာပြည့်ဝသည့် ဗလငါးတန်ပြည့်ဝသော လူငယ်များပေါ်ထွက်လာစေရန်အတွက် မိဘများနှင့် ဆရာဆရာမများက ကြိုးစားဆောင်ရွက်ပေးရန်လိုကြောင်း ပြောကြားသည်။
ယင်းနောက် ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌက ၎င်းစာကြည့်တိုက်အတွက် သုတရသ စာအုပ်များ ဝယ်ယူရန် ငွေကျပ်သုံးသိန်း ပေးအပ်ချီးမြှင့်ရာ ခရိုင်ပြန်ကြားရေးနှင့်ပြည်သူ့ ဆက်ဆံရေးဦးစီးဌာနမှ ခရိုင်ဦးစီးမှူးက လက်ခံရယူပြီးနောက် အလင်းသစ် စာကြည့်တိုက်ကော်မတီ ဥက္ကဋ္ဌ ဦးမြင့်အောင်က အဆိုပါ ကျေးရွာစာကြည့်တိုက်ဖွင့်လှစ်ရခြင်းနှင့်ပတ်သက်၍ ကျေးဇူးတင် စကားပြောကြားသည်။
ထို့နောက် တက်ရောက်လာကြသည့် ခရိုင်/မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီ ဥက္ကဋ္ဌနှင့် သက်ဆိုင်ရာတာဝန်ရှိသူများက အဆိုပါစာကြည့်တိုက်အတွင်း စာအုပ်စာစောင်များ ခင်းကျင်းပြသ ထားရှိမှု အခြေအနေများကို လှည့်လည်ကြည့်ရှု အားပေးခဲ့ကြကြောင်း သိရသည်။
အဆိုပါ စာကြည့်တိုက်သည် အလျားပေ (၂၇)၊ အနံပေ (၂၀)နှင့် အမြင့် (၁၂)ပေရှိ သွပ်မိုး၊ နံကပ်၊ တမံသလင်းခင်း မြေစိုက်တစ်ထပ် အဆောက်အဦအမျိုးအစားဖြစ်ပြီး မြန်မာနိုင်ငံ စာကြည့်တိုက်များ ဖွံ့ဖြိုးတိုးတက်ရေး ပူးပေါင်းဆောင်ရွက်မှုကော်မတီမှ ခွဲဝေချထားငွေကျပ် သိန်း(၁၅၀)နှင့် ကျေးရွာပြည်သူများမှ လှူဒါန်းငွေများဖြင့် တည်ဆောက်ခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ရွှေမိုးညှင်း