မြစ်ကြီးနား မတ် ၄
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ဧရာဝတီမြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေးအတွက် မြစ်ရေနှင့်ထိစပ်သည့် မြို့ဧရိယာတစ်လျှောက် ကမ်းထိန်းတမံ၊ ကျောက်စီရေထိန်း နံရံများနှင့် ရေထိန်းတံခါးများကို တည်ဆောက်လျက်ရှိရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်သည် ယနေ့နံနက်ပိုင်းက တာဝန်ရှိသူများနှင့်အတူ ရေကြည်ချောင်း ရေထိန်းတံခါးတည်ဆောက်နေမှုနှင့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများ ဆောင်ရွက်နေမှု အခြေအနေများအား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။
ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ်သည် ပြည်နယ်အစိုးရအဖွဲ့ဝင် ဝန်ကြီးများ၊ ပြည်နယ်အဆင့် ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ဧရာဝတီမြစ်ရေမြင့်တက်လာပါက စိုးရိမ်ရေမှတ် ၁၂၀၀ စင်တီ မီတာအောက် ၉၅၀ စင်တီမီတာအထက်တွင် ရေဝင်ရောက်လေ့ရှိပြီး မြို့အနိမ့်ပိုင်းနေရာဖြစ်သည့် ကြက်ပေါင်ခြံရပ်ကွက်အတွင်းရှိ ရေကြည်ချောင်းပေါက်နေရာ၌ ကချင်ပြည်နယ်အစိုးရအဖွဲ့၏ ၂၀၂၅- ၂၀၂၆ ဘဏ္ဍာရေးနှစ်နှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ် ပြည်နယ်ငွေလုံးငွေရင်း ရန်ပုံငွေကျပ် (၈၆၄၀ ဒဿမ ၀၀၀)သန်းဖြင့် ပြည်နယ်ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာနက တာဝန်ယူ တည်ဆောက်လျက်ရှိသည့် အကျယ် ၈ ပေ၊ အမြင့် ၈ ပေရှိ တံခါးပေါက် ၇ ပေါက် ပါဝင်သည့် သံကူကွန်ကရစ်ရေထိန်းတံခါးတည်ဆောက်ရေး လုပ်ငန်းခွင်သို့ သွားရောက်ခဲ့ကြသည်။
အဆိုပါ ရေတံခါးတည်ဆောက်ရေး ရှင်းလင်းဆောင်၌ ပြည်နယ်ဦးစီးမှူး ဦးဇော်ဦးက ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်အတွင်း တည်ဆောက်ပြီးစီးရမည့် လုပ်ငန်းစီမံကိန်း၏ ၅၅ ရာခိုင်နှုန်းအပေါ် ဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် ၂၀၂၆-၂၀၂၇ ဘဏ္ဍာရေးနှစ်အတွက် အပြီးသတ် ဆောင်ရွက် ရမည့် လုပ်ငန်းစီမံကိန်းများ စတင်ဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို ဖြည့်စွက်မှာကြားခဲ့သည်။
ဆက်လက်၍ ရေထိန်းတံခါး တည်ဆောက်ရေးလုပ်ငန်းခွင်အတွင်း ရေထိန်းတံခါး သံကူ ကွန်ကရစ် လောင်းခြင်းလုပ်ငန်းများ ဆောင်ရွက်ပြီးစီးမှု၊ ရေထိန်းတံခါး ရေဝင်/ရေထွက် ပင်မမြောင်း တူးဖော်ခြင်းလုပ်ငန်းနှင့် ကျောက်ကြီးစီခြင်း လုပ်ငန်းဆောင်ရွက်ပြီးစီးမှု အခြေအနေများနှင့် မြေသား တာဘောင်ဖြည့်ခြင်းလုပ်ငန်းဆောင်ရွက်နေမှု၊ ရေတံခါးတပ်ဆင်ခြင်းလုပ်ငန်းများ၊ ရေကြည်ချောင်း ဟောင်းနေရာအား မြေသားတမံဖို့ခြင်း လုပ်ငန်းများနှင့် ရေထိန်းတံခါးစီမံကိန်းတွင် မလွတ်ကင်းသည့် မြေဧရိယာများအတွက် အစားထိုးမြေနေရာ ဖော်ထုတ်ပေးခြင်း လုပ်ငန်းများအား စက်ယန္တရားကြီး များဖြင့်ဆောင်ရွက်နေမှုအခြေအနေများကိုလှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြပြီး ပြည်နယ်ဝန်ကြီးချုပ် က တစ်ဆက်တစ်စပ်တည်း ဆောင်ရွက်သွားရမည့် ဧရာဝတီမြစ်ကြောင်းတစ်လျှောက် ကုလားပေါက် နေရာ မြေသားတာဘောင်ဖို့ခြင်း လုပ်ငန်းများကိုလည်း ဆောင်ရွက်နိုင်ရေး စစ်ဆေးဆောင်ရွက်ခဲ့ကြ သည်။
ထို့မှတစ်ဆင့် ပြည်နယ်ဝန်ကြီးချုပ်နှင့် အဖွဲ့ဝင်များသည် မြစ်ရေကြီးရေလျှံမှုမှ ကာကွယ်နိုင် ရေး အဓိကလုပ်ငန်းတစ်ခုတွင် အပါအဝင်ဖြစ်သည့် မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်းများအနက် ဗလမင်းထင်တံတား အောက်ဘက်၌ ပိုမိုကျယ်ပြန့်စွာဖြစ်ထွန်းလာသည့်အပြင် ရေကြောင်းပြောင်းလဲ မှုကြောင့် မိုင်းနားကျေးရွာဘက်ကမ်းရေတိုက်စားမှုဖြစ်ပေါ်ခဲ့သဖြင့် ရှင်းလင်းဖယ်ရှားရမည့် စီတာပူ သဲသောင်ခုံ ရှင်းလင်းရေးလုပ်ငန်းခွင်သို့ သွားရောက်ပြီး ရေအရင်းအမြစ်နှင့် မြစ်ချောင်းများ ဖွံ့ဖြိုး တိုးတက်ရေးဦးစီးဌာနက သဲသောင်ရှင်းလင်းရေးလုပ်ငန်းအပြင် ကမ်းနားလမ်းတာဖို့ခြင်းလုပ်ငန်း ဆောင်ရွက်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးခဲ့သည်။
ယင်းနောက် ရှင်းလင်းဆောင်၌ ပြည်နယ်ဝန်ကြီးချုပ်က မြစ်ကြောင်းရှင်းလင်းရေးလုပ်ငန်း ဆောင်ရွက်လျက်ရှိသည့် ဒေသခံလုပ်ငန်းရှင်များနှင့် တွေ့ဆုံပြီး သဲသောင်တူးဖော်ခြင်းလုပ်ငန်းသည် မြို့မြစ်ရေကြီးရေလျှံမှုမှ ကာကွယ်ရန် ဆောင်ရွက်ခြင်းဖြစ်သည့်အတွက် မိုးမကျမီ သက်ဆိုင်ရာဌာန မှ သတ်မှတ်ထားသည့် ဒီဇိုင်းပုံစံအတိုင်း စနစ်တကျတူးဖော်ပြီးစီးရေး စည်းကမ်းသတ်မှတ်ချက်များ နှင့်အညီ ဆောင်ရွက်ကြရေး၊ အထူးသဖြင့် သဲကျောက်သယ်ဆောင်သည့် ကားကြီးများ ဖြတ်သန်း သွားလာရာတွင် အများပြည်သူ ထိခိုက်မှုမရှိစေရေးနှင့် ပတ်ဝန်းကျင် ထိခိုက်မှုမရှိစေရေးကို အလေး အနက်ထား လုပ်ဆောင်ကြရန် လိုအပ်ပါကြောင်း လမ်းညွှန်မှာကြားခဲ့သည်။
ကချင်ပြည်နယ်အစိုးရအဖွဲ့အနေဖြင့် မြစ်ကြီးနားမြို့ ရေကြီးရေလျှံမှုမှ ကာကွယ်နိုင်ရေး အတွက် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်မှ စတင်၍ အဆိုပါ ရေကြည်ချောင်း ရေထိန်းတံခါး အပါအဝင် အင်ဂျန်းခချောင်းရေထိန်းတံခါး ၈ ပေ × ၁၂ ပေ တံခါး ၃ ပေါက်ပါဝင်သည့် ရေထိန်းတံခါးကိုလည်း တည်ဆောက်လျက်ရှိပြီး ကမ်းထိန်းကာကွယ်ရေးလုပ်ငန်းများကို မြစ်ရေမြင့်တက်မှု ၁၄၅၀ ပေအထိ ကာကွယ်နိုင်ရေး ရေလျှံတားအုတ်ရိုးစီနံရံကာရံခြင်း အလျား ၄၁၆၉ ပေနှင့် ဗလမင်းထင်အထက်တွင် ရေလျှံတားနံရံနှင့်တမံ အလျား စုစုပေါင်း (၁၅၄၅)ပေတို့ကို တည်ဆောက်လျက်ရှိသည့်အပြင် ရေကြောင်းဖွံ့ဖြိုးရေးအတွက် အဆိုပါ စီတာပူသဲသောင်တူးခြင်းလုပ်ငန်းအပြင် နောင်တာလော ရေလယ်ကျွန်း Secondary Channal တူးဖော်ခြင်းလုပ်ငန်းများကိုလည်း ဆောင်ရွက်လျက်ရှိကြောင်း သိရသည်။
ပြည်နယ်(ပြန်/ဆက်)