ပျော်ဘွယ် မတ် ၄
ပျော်ဘွယ်မြို့နယ် မီးသတ်ဦးစီးဌာနနှင့် အမှတ် (၈) အထည်စက်ရုံတို့ပူးပေါင်း၍ မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်ရေး အသိပညာပေးဟောပြောခြင်း၊ မီးသတ်ဆေးဗူးအသုံးပြု၍ လက်တွေ့မီးငြိမ်းသတ်ခြင်းနှင့် စက်ရုံအတွင်းမီးဘေး ကြိုတင်ကာကွယ်ရေး ဆောင်ရွက်ထားမှုစစ်ဆေးခြင်းကို မတ်လ ၄ ရက်၊ နံနက် ၉ နာရီက အဆိုပါစက်ရုံ၌ ကျင်းပ ပြုလုပ်သည်။
ရှေးဦးစွာ ရမည်းသင်းခရိုင် မီးသတ်ဦးစီးမှူး ဦးအောင်ခင်ဆင့်က မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေးအတွက် စက်ရုံအတွင်း ဆောင်ရွက်ထားရမည့်အခြေအနေများကို ရှင်းလင်းဆွေးနွေးပြီး မြို့နယ်မီးသတ်ဦးစီးမှူး ဦးကျော်မျိုးက Fire Hotspot ဖြစ်ပေါ်လာပုံ၊ 191 Report Application အသုံးပြုနည်း၊ သိုလှောင်ရုံများ၊ စက်ကရိယာများ မီးဘေးအန္တရာယ် မဖြစ်ပေါ်စေရေးအတွက် စက်ရုံဝန်ထမ်းများအနေဖြင့် စည်းကမ်းတကျလိုက်နာရေးတို့ကို ရှင်းလင်းဆွေးနွေးသည်။
ဆက်လက်၍ မီးသတ်တပ်ဖွဲ့ဝင်များက မီးသတ်ဆေးဗူးအသုံးပြု၍ မီးငြိမ်းသတ်နည်းများကို ရှင်းလင်းပြောကြားကာ စက်ရုံဝန်ထမ်းများအား မီးငြိမ်းသတ်ခြင်းကို လက်တွေ့လေ့ကျင့်စေခြင်း၊ မီးသတ်ပိုက်များအသုံးပြု၍ မီးငြိမ်းသတ်နည်းများကို စက်ရုံဝန်ထမ်းများနှင့်အတူ ပူးတွဲလေ့ကျင့်ပြသပေးခဲ့ကြပြီး စက်ရုံအတွင်းမီးဘေးအန္တရာယ် ကာကွယ်ရေးအတွက် ရေသိုလှောင်ထားမှု၊ မီးငြိမ်းသတ်ရေးပစ္စည်းများ အသင့်ထားရှိမှုတို့ကို လိုက်လံကြည့်ရှုခဲ့ကြောင်း သိရသည်။
မင်းမင်းထွေး(ပျော်ဘွယ်)