မိုးနဲမြို့နယ်၌ ဆောင်းသီးနှံကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်း

မိုးနဲ မတ်

ရှမ်းပြည်နယ်(တောင်ပိုင်း) မိုးနဲမြို့နယ်တွင် စိုက်ပျိုးရေးလုပ်ငန်းကို အဓိကထားလုပ်ကိုင်လျက်ရှိရာ ယခုနှစ် ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် စိုက်ပျိုးသော ကြက်သွန်ဖြူစိုက်ခင်းများ အောင်မြင်ဖြစ်ထွန်းလျက်ရှိကြောင်း ‌‌တောင်သူစိုင်းထွန်းဆိုင်က ပြောကြားခဲ့သည်။

နှစ်စဉ် ဆောင်းရာသီတွင် ချောင်းရေတင်ပြီး ကြက်သွန်ဖြူစိုက်ပျိုးကြောင်း၊ စိုက်ပျိုးရာတွင် ကုန်ကျစရိတ်သက်သာပြီး အပင်ပြုစုရာတွင် သက်သာကြောင်း၊  ဆောင်းသီးနှံစိုက်ပျိုးသည့် တောင်သူများကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ပိုးမွှားကျရောက်မှုကင်းစင်ရေး၊ သဘာဝပိုးသတ်ဆေးသုံးစွဲရေး စသည့် စိုက်ပျိုးရေးဆိုင်ရာ အသိပညာများ ဖြန့်ဝေပေးလျက်ရှိကြောင်း၊ ကြက်သွန်ဖြူများကို လာမည့်ဧပြီလတွင် ရိတ်သိမ်းသွားမည်ဖြစ်ပြီး ထွက်နှုန်းကောင်းမွန်ရေးနှင့် ဈေးကောင်းရရှိရေး မျှော်လင့်နေကြောင်း ၎င်းက ဆက်လက်ပြောကြားခဲ့သည်။

မိုးနဲမြို့နယ်အတွင်း ဆောင်းသီးနှံစိုက်ပျိုးရာသီတွင် ကြက်သွန်ဖြူကို ၈၈၉ ဧက စိုက်ပျိုးထားရှိပြီး မိသားစုအပိုဝင်ငွေရရှိရေးအတွက် ဟင်းသီးဟင်းရွက်မျိုးစုံကိုလည်း စိုက်ပျိုးထားကြောင်း၊ တောင်သူများအတွက် ရာသီဥတုနှင့်ကိုက်ညီ၍ အအထွက်နှုန်းကောင်းသည့် မျိုးကောင်းမျိုးသန့်ရရှိရေးနှင့် ပြောင်းလဲလာသည့် ခေတ်နှင့်အညီ ခေတ်မီနည်းစနစ်များပြောင်းလဲစိုက်ပျိုးနိုင်ရေးနှင့် ဓာတ်မြေဩဇာ စနစ်တကျသုံးစွဲနိုင်ရေးတို့ကို မြို့နယ်စိုက်ပျိုးရေးဦးစီးဌာန ဝန်ထမ်းများက ကွင်းဆင်းဆောင်ရွက်ပေးလျက်ရှိကြောင်း သိရသည်။         

 မျိုးညွန့်ရွှေ(မိုးနဲ)