ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်၌ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းဖွင့်လှစ်

ဒဂုံတောင် မတ် ၄

ဒဂုံမြို့သစ် (တောင်ပိုင်း) မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှကြီးမှူး၍ လူငယ်များဖွံ့ဖြိုးတိုးတက်ရေး အခြေခံအင်္ဂလိပ်စာနှင့် ပန်းချီသင်တန်းကို ယနေ့နံနက် ၉ နာရီက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့သစ် (တောင်ပိုင်း)မြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံ‌ရေးဦးစီး‌ဌာန လူထုအခြေပြုဗဟိုဌာနခန်းမ၌ ကျင်းပခဲ့ကြောင်း သိရသည်။

ဦးစွာ ဦးစီးအရာရှိ ဒေါ်သန်းသန်းအေးက သင်တန်းဖွင့်လှစ်ရသည့် ရည်ရွယ်ချက်များ ရှင်းလင်းပြောပြီး (၁၈) ရပ်ကွက်၊ အုပ်ချုပ်ရေးမှူး ဦးလှမင်းက သင်တန်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူကလေးများအား သင်တန်းပြီးဆုံးသည်အထိ တက်ရောက်ကြစေရန်နှင့် ယခုလို သင်တန်းများဖွင့်လှစ်ပေးသော ပြန်ကြား‌ရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနကို ကျေးဇူးတင်ရှိကြောင်း‌ အမှာစကားပြောကြားခဲ့သည်။

ဆက်လက်၍ မြို့နယ်စာရေးဆရာအသင်းအတွင်းရေးမှူး စာရေးဆရာ ဦးသက်‌ဝေမောင်က သင်တန်းသားများအား အခြေခံပန်းချီပညာ သင်ကြားခြင်းဖြင့် ရရှိမည့်အကျိုးကျေးဇူးများ‌ ပြောကြားပြီး အင်္ဂလိပ်စာသင်တန်းနည်းပြ ဆရာမ ဒေါ်ခိုင်ဇာလွင်က အတန်းလိုက်သင်ကြားပေးမည့် သင်ခန်းစာခေါင်းစဉ်များနှင့် သင်တန်းစည်းကမ်းများ ပြောကြားခဲ့သည်။

ထို့နောက် သင်တန်းတက်ရောက်လာသော ကျောင်းသား၊ ကျောင်းသူလေးများအား အမှတ်(၁၈) အုပ်ချုပ်ရေးမှူး ဦးလှမင်းက ပုံဆွဲစာအုပ်နှင့် စာရေးကိရိယာများကို ပေးဝေ‌ခဲ့သည်။ အဆိုပါ သင်တန်းကို သင်တန်းသား၊ သင်တန်းသူ စုစုပေါင်း (၅၀) ဦးတို့က စိတ်ပါဝင်စားစွာ တက်ရောက်သင်ကြားကြကြောင်းနှင့် သင်တန်းအား မတ်လ ၃ ရက်နေ့မှ ၁၈ ရက်နေ့အထိ ဖွင့်လှစ်သင်ကြားသွားမည်ဖြစ်ကြောင်း သိရသည်။ 

မြို့နယ် (ပြန်/ဆက်)