မိုင်းခတ် မတ် ၄
ရှမ်းပြည်နယ်(အရှေ့ပိုင်း) ကျိုင်းတုံခရိုင်၊ မိုင်းခတ်မြို့နယ်၌ လွှတ်တော်ကိုယ်စားလှယ်များနှင့် မြို့နယ်ဌာနဆိုင်ရာများ၊ ရပ်ကွက်၊ ကျေးရွာအုပ်စုအုပ်ချုပ်ရေးမှူးများ၊ ရပ်ကျေးစာရေးများနှင့်တွေ့ဆုံပွဲအခမ်းအနားကို ယမန်နေ့ မွန်းလွဲ ၁ နာရီက မြို့နယ်အထွေထွေအုပ်ချုပ်ရေးဦးစီးဌာနရုံး အစည်းအဝေးခန်းမ၌ ကျင်းပခဲ့သည်။
ရှေးဦးစွာ မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ မြို့နယ်အုပ်ချုပ်ရေးမှူး ဦးဟန်ဝင်းလတ်က အဖွင့်အမှာစကားပြောကြားပြီး ပြည်သူ့လွှတ်တော်ကိုယ်စားလှယ် ဦးစိုင်းဝန်းဆမ်နှင့် ပြည်နယ်လွှတ်တော်ကိုယ်စားလှယ် ဦးရန်အောင်တို့က မိတ်ဆက်စကားပြောကြားပြီး လွှတ်တော်အစည်းအဝေးတွင် တင်ပြမည့် ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ကြယ်ပွင့်ပြနှင့် ကြယ်ပွင့်မပြမေးခွန်းများကို အသေးစိတ် ရှင်းလင်းဆွေးနွေးခဲ့သည်။
ထို့နောက် မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများက ပြည်ထောင်စု/ပြည်နယ်သို့ တင်ပြထားသည့် မြို့နယ်အတွင်း ဒေသဖွံ့ဖြိုးရေးလုပ်ငန်းများ၊ ဘဏ္ဍာရေးနှစ်အလိုက် ဆောင်ရွက်ပြီးစီးမှုလုပ်ငန်းများနှင့် ဆောင်ရွက်ဆဲလုပ်ငန်းများကို ရှင်းလင်းတင်ပြပြီး တက်ရောက်လာကြသော ရပ်ကျေးအုပ်ချုပ်ရေးမှူးများက ကျေးရွာဖွံ့ဖြိုးတိုးတက်ရေးအတွက် လိုအပ်ချက်များ တင်ပြဆွေးနွေးရာသက်ဆိုင်ရာ တာဝန်ရှိသူများက ဆက်လက်တင်ပြဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)