လားရှိုးမြို့ရှိ ရန်တိုင်အောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနား ကျင်းပ

လားရှိုး မတ် ၄

ရှမ်းပြည်နယ် (မြောက်ပိုင်း)၊ လားရှိုးမြို့ ရပ်ကွက်(၁)ရှိ “ဝိဇယဘူမိမဟာအောင်မြေမင်္ဂလာကုန်းတော်"တွင် တည်ထားကိုးကွယ်သည့် ရန်တိုင်းအောင်ဆုတောင်းပြည့် မြို့ဦးစေတီတော်မြတ်ကြီး၏ ၁၃၈၇ ခုနှစ်၊ (၁၉) ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်၊ ဗုဒ္ဓဘိသေက အနေကဇာတင်ခြင်း၊ ရွှေကြာသင်္ကန်းကပ်လှူခြင်းနှင့် ဆွမ်းဆန်စိမ်းလောင်းလှူခြင်း မင်္ဂလာအခမ်းအနားအား မတ်လ ၂ ရက်နေ့ တပေါင်းလပြည့်‌နေ့ နေ့လယ် ၁ နာရီက ကျင်းပရာ အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်အေးမင်းဦး၊ ပြည်နယ်အစိုးရအုပ်ချုပ်‌ရေးအဖွဲ့ခွဲ(ရှမ်းမြောက်)ဥက္ကဋ္ဌ ဦးမြင့်သန်းဝင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးမျိုးမင်းထွန်း၊ တာဝန်ရှိသူများနှင့်  စေတနာရှင်အလှူရှင်များ တက်ရောက်ခဲ့သည်။

ဦးစွာ ဆရာတော်သံဃာတော် အရှင်သူမြတ် ၁၈ ပါးတို့က ဗုဒ္ဓဘိသေက အနေကဇာတင်‌တော်မူခြင်း၊ ဗုဒ္ဓရုပ်ပွားတော်မြတ်တို့အား ရေချမ်း၊ ပန်း၊ ဆီမီးကပ်လှူပူဇော်ခဲ့သည်။

ထို့နောက် တက်ရောက်လာကြသည့် ဧည့်ပရိတ်သတ်အပေါင်းတို့က နမောတဿ သုံးကြိမ်ရွတ်ဆိုပူဇော် ဘုရားကန်တော့၍ အခမ်းအနားအား ဖွင့်လှစ်ခဲ့ပြီး ဆရာတော်သံဃာ‌တော်အရှင်သူမြတ်များထံမှ ကိုးပါးသီလ ခံယူဆောက်တည်ခဲ့သည်။

ယင်းနောက် ဆရာတော်သံဃာတော်အရှင်သူမြတ်များက ချီးမြှင့်တော်မူအပ်သော ပရိတ်တရားတော်များကို ရိုသေစွာနာယူခဲ့ပြီး တာဝန်ရှိသူများက မုခ်ဝအသီးသီးရှိ မုဒြာရုပ်ပွားတော်မြတ်တို့အား ရွှေကြာသင်္ကန်းဆက်ကပ်လှူဒါန်းခဲ့သည်။

ဆက်လက်၍ ဆရာတော်သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ဝတ္ထုအစုစုအား ဆက်ကပ်လှူဒါန်းခြင်း အနုမောဒနာတရားတော်နှင့် ရေစက်သွန်းတရားတော်များ နာယူပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဋ္ဌတု သုံးကြိမ်ရွတ်ဆိုပူဇော်၍ အခမ်းအနားအား ရုပ်သိမ်းခဲ့သည်။

ထို့အပြင် တက်ရောက်လာကြသော အရှေ့မြောက်တိုင်းစစ်ဌာနချုပ်တိုင်းမှူး၊ တာဝန်ရှိသူများနှင့် စေတနာရှင်အလှူရှင်များက ဩဝါဒစရိယဆရာတော်ကြီးများအပါအဝင် ဆရာတော်သံဃာတော် ၁၇၀ ပါး၊ သာသနာ့နွယ်ဝင်သီလရှင် ၃၀ ပါး၊ စုစုပေါင်း ၂၀၀ ပါးတို့အား ဆွမ်းအစရှိသော ဒါတဗ္ဗဝတ္ထုအစုစုတို့ကို ဆက်ကပ်လောင်းလှူခဲ့ကြောင်း သိရသည်။

လူမော် (ပြန်/ဆက်)