မိုင်းရှူးမြို့၌ ၂၀၂၆ခုနှစ်၊ နွေရာသီအခြေခံအားကစားသင်တန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

မိုင်းရှူး မတ် ၄

ရှမ်းပြည်နယ် (တောင်ပိုင်း)၊ မိုင်းရှူးခရိုင်၊ မိုင်းရှူးမြို့နယ်တွင် အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဖွင့်လှစ်သည့် ၂၀၂၆ ခုနှစ်၊နွေရာသီအခြေခံအားကစားနည်းသင်တန်းအခမ်းအနားကို ယမန်နေ့မွန်းလွဲ (၃) နာရီက မြို့မအားကစားကွင်း၊ မိုးလုံလေလုံအားကစားခန်းမ၌ ကျင်းပခဲ့သည်။

အခမ်းအနားတွင် မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီအဖွဲ့ဝင် ဗိုလ်မှူးမျိုးမင်းဝင်းက အဖွင့်အမှာစကားပြောကြားပြီး Fitness Dance အကအဖွဲ့များက ကပြဖျော်ဖြေ တင်ဆက်ကြသည်။ထို့နောက် အားကစားနည်းပြ၊ဆရာ၊ဆရာမများက အားကစားနည်းများအား လက်တွေ့သရုပ်ပြခဲ့သည်။

အဆိုပါနွေရာသီအခြေခံအားကစားနည်းသင်တန်းတွင် လူငယ်လေးများအား အားကစားနည်းအခြေခံပိုင်ပိုင်နိုင်နိုင်နှင့် နည်းစနစ်မှန်ကန်စွာ ကစားတတ်စေနိုင်ရန် ရည်ရွယ်၍ နည်းပြဆရာ (၁၂) ဦးက ပြေးခုံပစ် (၁၅) ဦး၊ မြန်မာသိုင်း (၂၀) ဦး၊ ပိုက်ကျော်ခြင်း (၃၀) ဦး၊ ကြက်တောင်ရိုက် (၂၀) ဦး၊ Fitness Dance အက (၆၀) ဦး၊ဘောလုံးအားကစားသင်တန်းတွင် (၆၀) ဦး၊ စုစုပေါင်း သင်တန်းသား၊သင်တန်းသူ (၂၀၅) ဦးအား ၂၀၂၆ခုနှစ်၊ မတ်လ (၃) ရက်မှ (၂၀) ရက်ထိ နေ့စဥ် နံနက်ပိုင်းတစ်ကြိမ်နှင့် မွန်းလွဲပိုင်းတွင်တစ်ကြိမ် သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။

သန်းလူ(ပြန်/ဆက်)