နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ် ဒက္ခိဏသီရိမြို့နယ်အတွင်း စိုက်ပျိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှု

နေပြည်တော် မတ် ၄

နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ယမန်နေ့ နံနက်ပိုင်းက လယ်ဝေးခရိုင်၊ ဒက္ခိဏသီရိမြို့နယ်၊ ကျွန်းတပဲ့ကျေးရွာအုပ်စု၊ ညောင်ကုန်းကျေးရွာ ကွင်းအမှတ် (၁၈၁၃)ကွင်းအတွင်း နွေစပါးစိုက်ပျိုးနိုင်ရေး DY 1လက်တံမြောင်းမှရေပေးဝေမှုအခြေအနေ၊ တောင်သူ ဦးအေးလွင်၏ လယ်(၃)ဧကအား နွေစပါးစိုက်ပျိုးနိုင်ရေးအတွက် မြေပြုပြင်ခြင်းလုပ်ငန်းဆောင်ရွက်နေမှုအခြေအနေနှင့် နွေစပါးနှံကောက်မျိုးအား seeder ဖြင့်စိုက်ပျိုးနေမှုအခြေအနေတို့အား ကွင်းဆင်းကြည့်ရှုခဲ့သည်။

ဦးစွာ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်၊ မြို့နယ်စိုက်ကြပ်အဖွဲ့ဥက္ကဋ္ဌ ဦးနိုင်ဝင်းနှင့်အဖွဲ့ဝင်များနှင့် အတူ နွေစပါးစိုက်ပျိုးနိုင်ရေးဆောင်ရွက်နေမှုအားကွင်းဆင်းကြည့်ရှုရာတွင် တောင်သူများအား စပါးနှင့် ဆောင်းသီးနှံများ အထွက်နှုန်းကောင်းမွန်စေရေး မြေပြုပြင်ခြင်းလုပ်ငန်းအား စနစ်တကျ ဆောင်ရွက်ရန်လိုအပ်ကြောင်း၊ မျိုး၊ မြေ၊ ရေ၊ နည်း မှန်ကန်၍ ပန်းတိုင်အထွက်နှုန်းရရှိစေရေး နည်းစနစ်မှန်ကန်စွာဆက်လက်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းနှင့် ရေစီးရေလာကောင်းမွန်စေရေး အတွက် ရေမြောင်းများကောင်းမွန်အောင်ဆောင်ရွက်ရန်လိုအပ်ပါကြောင်းမှာကြားခဲ့ပါသည်။

ဆက်လက်၍ နေပြည်တော်ကောင်စီဝင် ဦးခင်မောင်လတ်သည် ဒက္ခိဏသီရိမြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးနိုင်ဝင်း ၏ ကြီးကြပ်မှုဖြင့်  ဌာနဆိုင်ရာများနှင့် ပြည်သူများ မြို့နယ်စုပေါင်းရုံးဝန်းအတွင်း သစ်ပင်၊ ချုံနွယ်၊ မြက်ပင်အမှိုက်များကို ဖယ်ရှားရှင်းလင်းခြင်း၊ ရေစီးရေလာကောင်းမွန်စေရေးအတွက် ရေမြောင်းများရှင်းလင်း၍ စုပေါင်းသန့်ရှင်းရေးပြုလုပ်နေမှုအခြေအနေများအား ကြည့်ရှုခဲ့ပြီး လိုအပ်သည်များကို မှာကြားခဲ့ကြောင်း သိရရှိသည်။

အောင်သူရဦး(ဒက္ခိဏ)