ကလောမြို့နယ်၌ အာလူးစိုက်ပျိုးထားရှိမှု တာဝန်ရှိသူများ ကြည့်ရှုစစ်ဆေး

ကလော မတ် ၄

ရှမ်းပြည်နယ်(တောင်ပိုင်း) ကလောမြို့နယ်အတွင်းရှိ သမဝါယမလုပ်ငန်းများ ဖွံ့ဖြိုးတိုးတက်စေရေးအတွက် မတ်လ ၂ ရက်နေ့ နံနက်ပိုင်းက ဝါးရုံပင်ကျေးရွာရှိ ရွှေရင်အေးမျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်းမှ အာလူးစိုက်ပျိုးထားရှိမှုအခြေအနေကို တာဝန်ရှိသူများက ကွင်းဆင်းကြည့်ရှုစစ်‌ဆေးခဲ့သည်။

ထိုသို့ကွင်းဆင်းကြည့်ရှုရာတွင် ရှမ်းပြည်နယ်၊ သမဝါယမဦးစီးဌာန ပြည်နယ်ဦးစီးမှူး ဦးကျော်မိုးတင့်နှင့် တာဝန်ရှိသူများက ကလောမြို့နယ် သမဝါယမဦးစီးဌာနဝန်ထမ်းများနှင့် မြို့နယ်သမဝါယမအသင်းစု အမှုဆောင်များအား တွေ့ဆုံ၍ လုပ်ငန်းများဆောင်ရွက်ရာတွင် သမဝါယမအသင်းဥပဒေ၊ နည်းဥပဒေ၊ လုပ်ထုံး လုပ်နည်း၊ အမိန့်ညွှန်ကြားချက်များနှင့်အညီ လုပ်ကိုင်ဆောင်ရွက်သွားကြရန် လမ်းညွှန်မှာကြားခဲ့သည်။

ထို့‌နောက် ကလောမြို့နယ်၊ ဝါးရုံပင်ကျေးရွာရှိ ရွှေရင်အေးမျိုးစေ့ထုတ်လုပ်ရေးသမဝါယမအသင်းမှ အာလူးစိုက်ပျိုးထားရှိမှုအခြေအနေကို ကွင်းဆင်းကြည့်ရှုစစ်ဆေးပြီး အသင်းမှလိုအပ်သော သွင်းအားစုများ ပြတ်လပ်မှုမရှိစေရေးနှင့် ငွေကြေးအရင်းအနှီးများရရှိစေရေး သက်ဆိုင်ရာ မြို့နယ်သမဝါယမအသင်းစုနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့ကြောင်း သိရသည်။

မြို့နယ်(ပြန်/ဆက်)