မှော်ဘီမြို့နယ်၌ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်ကလေးဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်း ဖွင့်ပွဲအခမ်းအနား ကျင်းပ

ရန်ကုန် မတ် ၄

(၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့ကို ဂုဏ်ပြုသောအားဖြင့် ကန်ကလေးဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်းဖွင့်ပွဲအခမ်းအနားကို မတ်လ ၂ ရက် နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ မှော်ဘီခရိုင်၊ မှော်ဘီမြို့နယ်၊ ကန်ကလေးကျေးရွာတွင်ကျင်းပရာ အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီးဝန်ကြီးချုပ် ဦးစိုးသိန်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာအကြီးအကဲများ၊ ခရိုင်/မြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ၊ ပြည်သူများနှင့် တာဝန်ရှိသူများ တက်ရောက်ခဲ့ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်က အမှာစကားပြောကြားသည်။ ထို့နောက် ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးက လုပ်ငန်းဆိုင်ရာများကို ရှင်းလင်းတင်ပြသည်။ ဆက်လက်၍ တောင်သူများကိုယ်စား တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားသည်။

ယင်းနောက် ကန်ကလေးရေတင်လုပ်ငန်းဆိုင်ရာအချက်အလက်များကို Sundi Solar ကုမ္ပဏီမှတာဝန်ရှိသူကပေးအပ်ရာ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူးဦးကျော်နိုင်ဦးက လက်ခံရယူခဲ့သည်။

၎င်းနောက် ကန်ကလေးဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်းဖွင့်ပွဲကို ရန်ကုန်တိုင်းဒေသကြီး စီးပွားရေးရာဝန်ကြီး ဦးမျိုးမြင့်အောင်၊ သယံဇာတရေးရာဝန်ကြီး ဦးဇော်ဝင်း၊ ရန်ကုန်တိုင်းဒေသကြီး၊ ဆည်မြောင်းနှင့်ရေအသုံးချမှုစီမံခန့်ခွဲရေးဦးစီးဌာန၊ ညွှန်ကြားရေးမှူး ဦးကျော်နိုင်ဦးနှင့် တာဝန်ရှိသူများက ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးခဲ့ကြသည်။

ယင်းနောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ်ဦးစိုးသိန်းနှင့်အဖွဲ့က ကန်ကလေးဆိုလာစနစ်သုံး ရေတင်လုပ်ငန်းစီမံကိန်းကို လှည့်လည်ကြည့်ရှုစစ်ဆေးပြီး တိုင်းဒေသကြီးဝန်ကြီးချုပ်က ဖျော်ဖြေရေးအဖွဲ့အား ဂုဏ်ပြုချီးမြှင့်ငွေများ ပေးအပ်သည်။

ယခုတည်ဆောက်ဖွင့်လှစ်သည့် ကန်ကလေးဆိုလာရေတင်လုပ်ငန်းတွင် မူလက (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့်(၆)စုံကို တွဲဖက်တပ်ဆင်ထားရာမှ ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်တွင် (620 W) ဆိုလာအချပ်ရေ (၂၅၄၀)ချပ် (၂၀ ချပ် String ၁၂၇ ခု) ကိုတပ်ဆင်၍ ရေမောင်းနှင်ရန်အတွက် အသုံးပြုမည့် (0.4/33 kV) 150 kW Ongrid Inverter (၁၀)လုံးမှ (1500) Kw ကိုထုတ်လုပ်ပြီး 1500KVA Step-up Transformer (၁)လုံးဖြင့် မီးအားမြှင့်တင်ပြီး (250 Kw) မော်တာနှင့် ၄၀ ကျူဆက်ပန့်(၄)စုံတို့အား မောင်းနှင်မည်ဖြစ်ကာ ကျန်ရှိသည့် 250 Kw မော်တာ နှင့် ၄၀ ကျူဆက်ပန့် (၂)စုံတို့အား လျှပ်စစ်ဓာတ်အားဖြင့် လိုအပ်ပါက ဖြည့်စွက်မောင်းနှင်၍ နွေစပါးစိုက်ဧက (၃၁၄၂)နှင့် ရန်ကုန်မြို့တော်သို့ သောက်သုံးရေတစ်ရက်လျှင် ရေဂါလံသန်းပေါင်း(၆၀)ကို လျှပ်စစ်+ဆိုလာစနစ်ဖြင့် ရေပေးဝေနိုင်မည်ဖြစ်ရာ ထပ်မံလိုအပ်လာပါက ညပိုင်းတွင် လျှပ်စစ်ဓာတ်အားဖြင့် မောင်းနှင်၍ပေးဝေနိုင်မည်ဖြစ်ကြောင်း သိရသည်။

ဇွဲထက်ကို (ပြန်/ဆက်)