နေပြည်တော် မတ် ၄
နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် နေပြည်တော်စည်ပင်သာယာရေးကော်မတီဝင်များ၊ တာဝန်ရှိသူများနှင့်အတူ ယမန်နေ့နံနက်ပိုင်းက ဇမ္ဗူသီရိမြို့နယ်၊ ဗလသိဒ္ဓိရပ်ကွက်အတွင်းရှိ ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဝန်ထမ်းအိမ်ရာ တိုက်အမှတ် ၂၂၂၀၊ ၂၃၀၈၊ ၂၃၄၂ တိုက်များ ပြန်လည်ပြုပြင်နေမှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများသတ်မှတ်ချိန်အတွင်းအမြန်ပြီးစီးအောင်ဆောင်ရွက်ရေး၊ လူအင်အား၊ စက်ယန္တရားအင်အားတိုးမြှင့်ဆောင်ရွက်ရေး၊ လုပ်ငန်းခွင်အတွင်း အရည်အသွေးပြည့်မီသည့် ပစ္စည်းများကိုသာ အသုံးပြုသွားရန်၊ တာဝန်ရှိသူများက အနီးကပ်ကြီးကြပ်ဆောင်ရွက်ရေးနှင့် ငလျင်ဒဏ်အပြင် သဘာဝဘေးအန္တရာယ်ခံနိုင်ရည်ရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ ရေရှည်တည်တံ့မှုရှိစေရန် ပြုပြင်ထိန်းသိမ်းရေးနှင့် သန့်ရှင်းသာယာလှပရေး အမြဲမပျက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် ဒက္ခိဏသီရိမြို့နယ် နေပြည်တော်မြို့ပတ်လမ်း(V4လမ်း)နှင့် မဟာသုခလမ်းဆုံအနီး လမ်းပြုပြင်မှုအား သွားရောက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် ကျွမ်းကျင်လုပ်သားများဖြင့် လုပ်ငန်းများအရှိန်မပျက် အင်တိုက်အားတိုက် ဆောင်ရွက်သွားရန်၊ ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ် ချမ်းမြေ့သီရိလမ်း ဟိုတယ်ဇုန် (၁) နောက်ကျောပတ်လမ်းအား မူလနှစ်လမ်းသွားမှ လေးလမ်းသွားအဖြစ် လမ်းအရှည် ၁၁၂၀၀ ပေ ကွန်ကရစ်တိုးချဲ့ခင်းခြင်းလုပ်ငန်းသို့ သွားရောက်ကြည့်ရှုစစ်ဆေးပြီး တာဝန်ရှိသူများ၏ ရှင်းလင်းတင်ပြချက်များအပေါ် ရေရှည်ခိုင်ခံ့မှုရှိအောင် သတ်မှတ်စံချိန်စံညွှန်းနှင့်အညီဆောင်ရွက်ရေး၊ လုပ်ငန်းအပိုင်းလိုက်အမြန်ပြီးစီးအောင် အင်တိုက်အားတိုက်ဆောင်ရွက်ရေး၊ လမ်းဘေးဝဲယာသန့်ရှင်းသာယာလှပရေးတို့ကို စနစ်တကျဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ဆက်လက်၍ မွန်းလွဲပိုင်းတွင် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ချောင်းမကြီးရေလှောင်တမံပြုပြင်နမှုကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ချောင်းမကြီးရေလှောင်တမံပြုပြင်နေမှုကို ရေစစ်ကျောက်ရိုးပြုပြင်ပြီးစီးမှု၊ ပျက်စီးသွားသော တမံမြေသားကျင်း ဖယ်ထုတ်ပြီးစီးမှု၊ တမံမြေသားအသစ် ဖို့ကြိတ်ပြီးစီးနေမှု၊ တမံအထက်ပိုင်း လှိုင်းကာကျောက်စီခြင်းလုပ်ငန်းများဆောင်ရွက်နေမှုကို ရှင်းလင်းတင်ပြရာ နေပြည်တော်ကောင်စီ ဥက္ကဋ္ဌက လုပ်ငန်းများ အရည်အသွေးပြည့်မီစွာဖြင့် အမြန်ပြီးစီးအောင် ဆောင်ရွက်ရန်၊ တမံ၏အင်္ဂါရပ်နှင့်အညီ ထည့်သွင်းဆောင်ရွက်ရန်၊ လိုအပ်သောရေစုမြောင်း၊ ရေဆင်းမြောင်း၊ လှိုင်းကာကျောက်၊ Parapet များကိုပါ တစ်ပါတည်းပြီးစီးအောင်ဆောင်ရွက်ရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌသည် ၂၀၂၅-၂၀၂၆ ဘဏ္ဍာရေးနှစ်၊ အမျိုးသားသဘာဝဘေး အန္တရာယ်ဆိုင်ရာစီမံခန့်ခွဲမှုရန်ပုံငွေဖြင့် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သည့် ဇမ္ဗူသီရိမြို့နယ်၊ ပျဉ်းမနား-တောင်ညိုလမ်းဘေးရှိ မင်္ဂလာကန် အမှတ်(၁)၊(၂)၊(၃) ပြန်လည်ပြုပြင်နေမှု အခြေအနေများကို ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများမှ ကျောက်စီမြေထိန်းနံရံများပြုပြင်ခြင်း၊ မြေထိန်းနံရံများ ထောက်ကန်မှု အားကောင်းစေရန်အတွက် Gabion ကျောက်ခြင်းချဆောင်ရွက်ခြင်းများကို ရှင်းလင်းတင်ပြခဲ့ရာ နေပြည်တော်ကောင်စီဥက္ကဋ္ဌက လုပ်ငန်းများအားလုံး သတ်မှတ်ချိန်အတွင်း ပြီးစီးအောင် ဆောင်ရွက်ရန်၊ အရည်အသွေးပြည့်မီသည့် ကျောက်များကို ရွေးချယ်အသုံးပြုသွားရန်၊ ကန်အတွင်းရှိ ဗေဒါများကိုပါ တစ်ပါတည်း ဆယ်ယူရှင်းလင်းဆောင်ရွက်ရန်နှင့် ကန်ပတ်ဝန်းကျင် သန့်ရှင်းသာယာလှပရေး အမြဲမပျက်ဆောင်ရွက်သွားရန် မှာကြားခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးသည် တာဝန်ရှိသူများနှင့်အတူ ဒက္ခိဏသီရိမြို့နယ် ရန်အောင်မြင်ဆည် ငလျင်ဘေးကြောင့် ထိခိုက်ပျက်စီးခဲ့သော ပင်မတမံနှင့် ကုန်းကြောတမံပြုပြင်ပြီးစီးမှုအခြေအနေများအား သွားရာက်ကြည့်ရှုစစ်ဆေးရာ တာဝန်ရှိသူများ၏ တင်ပြချက်များအပေါ် နေပြည်တော်ကောင်စီဥက္ကဋ္ဌက ဆည်ပတ်ဝန်းကျင်သန့်ရှင်းသာယာလှပရေး အမြဲမပျက်ဆောင်ရွက်သွားရန်၊ အရိပ်ရလေကာပင်များနှင့် ပန်းအလှပင်များစိုက်ပျိုးသွားရန် မှာကြားခဲ့ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)