ရန်ကုန် မတ် ၂
ရန်ကုန်တိုင်းဒေသကြီးအစိုးရအဖွဲ့က ကြီးမှူးကျင်းပသည့် ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့်လူပုဂ္ဂိုလ်များအား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များ ဆက်ကပ်ချီမြှင့်ပွဲအပ်နှင်းမဟာမင်္ဂလာ အခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက ရန်ကုန်မြို့ သီရိမင်္ဂလာ ကမ္ဘာအေးကုန်းမြေရှိ ဆဋ္ဌသင်္ဂါယနာတင် မဟာပါသာဏလိုဏ်ဂူသိမ်တော် ကြီး၌ ကျင်းပသည်။
အခမ်းအနားသို့ ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတ၊ အဂ္ဂမဟာ သဒ္ဓမ္မဇောတိကဓဇ၊ ဒွိပိဋကဓရ၊ သာကေတမြို့နယ်၊ တိပိဋကလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိ၊ တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် မဟာဂန္ထဝါစကပဏ္ဍိတ၊ ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချနာယကဆရာတော် ဘဒ္ဒန္တ သုမင်္ဂလ၊ ဘွဲ့တံဆိပ်တော်ရ ဆရာတော် သံဃာတော်များ၊ သီလရှင်ဆရာကြီးများ ကြွရောက်တော်မူ ကြပြီး ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းနှင့် ဇနီး ဒေါ်မော်မော်သန်း၊ ရန်ကုန်တိုင်းစစ်ဌာနချုပ်တိုင်းမှူး ဗိုလ်ချုပ်ပြည့်စုံလင်း၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ သာသနာပြုဘွဲ့ရ လူပုဂ္ဂိုလ်များ၊ ဌာနဆိုင်ရာ တာဝန်ရှိသူများ၊ သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာနမှ တာဝန်ရှိသူများ၊ ဖိတ်ကြားထားသူများနှင့် တာဝန်ရှိသူများ တက်ရောက်ကြည်ညိုကြသည်။
အခမ်းအနားတွင် ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ ဥက္ကဋ္ဌ သာကေတမြို့နယ်၊ တိပိဋကလင်္ကာရကျောင်းတိုက် ပဓာနနာယက ဆရာတော် ဘဒ္ဒန္တအဂ္ဂသာမိထံမှ ဧည့်ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ကြသည်။
ထို့နောက် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်အလှူခံရရှိတော်မူသော လမ်းမတော်မြို့နယ်၊ အမှတ်(၁၂)ရပ်ကွက်၊ သရက်တောကျောင်းတိုက်၊ ရေလယ်ကလေးကျောင်းဦးစီးပဓာန နယက ဆရာတော် ဘဒ္ဒန္တသုခေဓိတအရှင်သူမြတ်က သမ္မောဒနီယသြဝါဒကထာ မြွတ်ကြားချီးမြှင့်တော်မူသည်။
ယင်းနောက် တိုင်းဒေသကြီး ဝန်ကြီးချုပ်က သာသနာရေးဆိုင်ရာများ လျှောက်ထားသည်။
ဆက်လက်၍ တိုင်းဒေသကြီးဝန်ကြီးချုပ်နှင့် ဇနီး၊ တိုင်းမှူး၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာ တာဝန်ရှိသူများက သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး (၇၂)ပါး၊ သီလရှင်ဆရာကြီး (၅)ပါး စုစုပေါင်း (၇၇)ပါးတို့အား ဘွဲ့တံဆိပ်တော်များ ဆက်ကပ် လှူဒါန်းခြင်းနှင့် သာသနာပြုဘွဲ့ရလူပုဂ္ဂိုလ် (၂၃)ဦးတို့ကို ဘွဲ့တံဆိပ်အပ်နှင်းခြင်းတို့ကို ဆောင်ရွက်ပြီး ရန်ကုန်တိုင်းဒေသကြီး သံဃနာယကအဖွဲ့ အကျိုးတော်ဆောင် ဗဟန်းမြို့နယ်၊ ပါဠိတက္ကသိုလ် ညောင်တုန်းကျောင်းတိုက် စာချ နာယကဆရာတော် မဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တ သုမင်္ဂလထံမှ အနုမောဒနာတရားနာယူ၍ ရေစက်သွန်းလောင်း အမျှပေးဝေကြသည်။
ယနေ့ကျင်းပသည့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ် ချီးမြှင့်အပ်နှင်းပွဲတွင် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ရ ဆရာတော် (၁၄)ပါးနှင့် သီလရှင် (၁)ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ရ ဆရာတော် (၁၁)ပါးနှင့် သီလရှင် (၂) ပါး၊ ဓမ္မကထိကဗဟုဇနဟိတဓရ ဘွဲ့တံဆိပ်တော်ရ (၃)ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့ရ ဆရာတော် (၂၀) ပါးနှင့် သီလရှင် (၂)ပါး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့တော်ရဆရာတော် (၁၄)ပါး၊ မဟာကမ္မဋ္ဌာနာ စရိယ ဘွဲ့တံဆိပ်တော်ရ (၆)ပါး၊ ကမ္မဋ္ဌာနာစရိယ ဘွဲ့တံဆိပ်တော်ရ ဆရာတော် (၂)ပါး၊ မဟာသဒ္ဓမ္မ ဇောတိကဓဇဘွဲ့ရ အမျိုးသား (၁)ဦး၊ သဒ္ဓမ္မဇောတိကဓဇဘွဲ့ရ အမျိုးသား (၁) ဦးနှင့် အမျိုးသမီး (၃)ဦး၊ သီဟသုဓမ္မမဏိဇောတဓရဘွဲ့ရ အမျိုးသား (၁)ဦး၊ သီဟသုဓမ္မသိင်္ဂီဘွဲ့ရ အမျိုးသမီး (၅)ဦး၊ သုဓမ္မမဏိ ဇောတဓရဘွဲ့ရအမျိုးသား (၃)ဦး၊ သုဓမ္မသိင်္ဂီဘွဲ့ရ အမျိုးသမီး (၉)ဦးတို့အား ချီးမြှင့်အပ်နှင်းခဲ့ကြောင်း သိရသည်။
ဇွဲထက်ကို(ပြန်/ဆက်)