စစ်တွေ မတ် ၂
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော် ဆက်ကပ်ပူဇော်ပွဲအခမ်းအနားကို ယနေ့နေ့လယ်ပိုင်းက စစ်တွေမြို့၊ လောကာနန္ဒာစေတီတော်ပုရဝုဏ်အတွင်းရှိ သာသနာ့ဗိမာန်တော်၌ ကျင်းပသည်။
အခမ်းအနားတွင် ပြည်နယ်လူမှုရေးရာဝန်ကြီး ဦးသက်ထွန်းက အခမ်းအနား ဖွင့်စာတမ်းကို ဖတ်ကြားလျှောက်ထားသည်။ ယင်းနောက် ပြည်နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ နန္ဒာရာမ ပရိယတ္တိစာသင်တိုက် ပဓာနနာယက၊ အဂ္ဂမဟာပဏ္ဍိတ၊ အဘိဓဇမဟာရဋ္ဌဂုရု ဘဒ္ဒန္တနန္ဒသိရီ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြပြီး မဟာသဒ္ဓမ္မဇောတိဓဇ ဘွဲ့တံဆိပ်တော်ရ စစ်တွေမြို့ ခေါင်းလောင်းကျောင်း တိုက်ဆရာတော် ဘဒ္ဒန္တစက္ကိန္နမဟာထေရ်မြတ်က သမ္မောဒနီယ ဩဝါဒကထာမိန့်ကြားချီးမြှင့် တော်မူသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး ၂၀၂၆ ခုနှစ်၊ သာသနာတော် ဆိုင်ရာဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီးများ နှင့်သီလရှင်ဆရာကြီးတို့အား ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ အနောက်ပိုင်းရေတပ်ကွပ်ကဲမှု ဌာနချုပ်မှူးတို့က ဘွဲ့တံဆိပ်တော်များ ဆက်ကပ်ကြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး တာဝန်ရှိသူများက ကြွရောက်တော်မူကြသော သံဃာတော်အရှင်သူမြတ်များအား လှူဖွယ်ပစ္စည်းများကို ဆက်ကပ်လှူဒါန်းကြသည်။ ယင်းနောက် ပြည်နယ်ဝန်ကြီးချုပ်က စစ်တွေမြို့ပေါ်ရှိ ဘုရားစေတီ(၅)ဆူတို့အတွက် အလှူငွေများပေးအပ်ပြီး စစ်တွေမြို့၊ ဝိမလဓမ္မနာဒ( ဓာတ်လယ်)ကျောင်းတိုက် ပဓာနနာယက ဆရာတော် မဟာကမ္မဋ္ဌာနာစရိယ ဘဒ္ဒန္တသုဝဏ္ဏ မဟာထေရ်မြတ်ထံမှ ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားကြကာ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
ရခိုင်ပြည်နယ်အစိုးရအဖွဲ့က ကြီးမှူးကျင်းပသော ၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်ဆက်ကပ်ပူဇော်ပွဲ အခမ်းအနားတွင် မဟာသဒ္ဓမ္မဇောတိကဓဇ ဆရာတော် တစ်ပါး၊ သဒ္ဓမ္မဇောတိကဓဇဆရာတော်တစ်ပါးတို့နှင့် မဟာသဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ် တော်ရသီလရှင်ဆရာကြီးတစ်ပါးတို့ကို ဘွဲ့တံဆိပ်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းကြသည်။
အခမ်းအနားအပြီးတွင် ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ ပြည်နယ်တရားလွှတ်တော် တရားသူကြီးချုပ်၊ ပြည်နယ်အစိုးရအဖွဲ့ဝင်များနှင့် ဌာနဆိုင်ရာများ၊ စေတနာရှင်အလှူရှင် များက ကြွရောက်တော်မူကြသော ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးတို့အား ဆွမ်းဆန်တော်နှင့် လှူဖွယ်ဝတ္ထုပစ္စည်းများကို လောင်းလှူကြသည်။
ထို့နောက် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် နှင့်ဇနီး၊ အနောက်ပိုင်းတိုင်း စစ်ဌာနချုပ် တိုင်းမှူးနှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များသည် စစ်တွေတပ်နယ်ရှိ ရန်အောင်ဇေယျသုခမင်္ဂလာစေတီတော်ဗုဒ္ဓဥယျာဥ်ပရိဝုဏ်အတွင်း အရှင်သီဝလိနှင့် အရှင်ဥပဂုတ္တရဟန္တာမထေရ်မြတ်နှစ်ပါး ဆင်းတုတော်၊ ကျောင်းဆောင်နှင့် ဇေယျမင်္ဂလာကန်တော်ဆယ်ယူ၍ ကန်ဘောင်မြှင့်ခြင်း ရေစက်ချအလှူ တော်မင်္ဂလာ အခမ်းအနားသို့တက်ရောက်ကြပြီး ရဟန္တာမထေရ်မြတ်တို့အား ကျောင်းဆောင်နေရာသို့ ရွှေစေတီဆရာတော်က ပင့်လျှောက်ကာ ပြည်နယ်ဝန်ကြီးချုပ်နှင့်ဇနီး၊ တာဝန်ရှိသူများက အမွှေးနံ့သာရည်များဖြင့် ပက်ဖျန်းကြသည်။
အခမ်းအနားတွင် ပြည်နယ်ဝန်ကြီးချုပ်အမှူးပြုသော ဧည့်ပရိသတ်များက မြို့နယ်ဩဝါဒါစရိယ၊ စစ်တွေမြို့၊ တပ်ဦးဆုတောင်းပြည့် ပရိယတ္တိစာသင်တိုက် ဆရာတော် အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ၊ အဂ္ဂမဟာဂန္ထဝါစကပဏ္ဍိတ ဘဒ္ဒန္တဉာဏဝံသ မဟာထေရ်မြတ်ထံမှ ဧည့်ပရိတ်သတ်များက ငါးပါးသီလခံယူ ဆောက်တည်ကြသည်။ ယင်းနောက်ဆရာတော်၊ သံဃာတော်များက ပရိတ်တရားတော်များချီးမြှင့်ကြကာ လှူဖွယ်ဝတ္ထုများဆက်ကပ်လှူဒါန်းပြီး ရွှေစေတီဆရာတော်ထံမှ ပြည်နယ်ဝန်ကြီးချုပ် အမှူးပြုသော ဧည့်ပရိသတ်များက အနုမောဒနာတရားနာကြားကြ၍ လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြကာ ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းဆပ်ကပ်လှူဒါန်းကြသည်။
အလားတူ ယနေ့နံနက်ပိုင်းတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် စစ်တွေမြို့၊ ဦးဥတ္တမခန်းမ၌ ကျင်းပသော (၆၄) နှစ်မြောက် တောင်သူလယ်သမားနေ့ အခမ်းအနားသို့ တက်ရောက်သည်။ ဦးစွာ ပြည်ထောင်စုသမ္မတမြန်မာနိုင်ငံတော် ယာယီသမ္မတ နိုင်ငံတော်လုံခြုံရေးနှင့် အေးချမ်းသာယာရေးကော်မရှင်ဥက္ကဋ္ဌ ဗိုလ်ချုပ်မှူးကြီး သတိုးမဟာသရေစည်သူ သတိုးသီရိသုဓမ္မ မင်းအောင်လှိုင်ထံမှ (၆၄)နှစ်မြောက် တောင်သူလယ်သမားနေ့အခမ်းအနားသို့ပေးပို့သည့်သဝဏ်လွှာအား ပြည်နယ်ဝန်ကြီးချုပ်က ဖတ်ကြားသည်။
ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က သီးနှံစိုက်စွမ်းအား အကောင်းဆုံးထူးချွန် တောင်သူများအား ဆုများချီးမြှင့်ပေးအပ်ပြီး တောင်သူတစ်ဦးက ကျေးဇူးတင်စကား ပြန်လည်ပြောကြားခဲ့ကြောင်း သတင်းရရှိသည်။
တင်ထွန်း(ပြန်/ဆက်)
ဓာတ်ပုံ- ဝင်းမင်းစိုး