နေပြည်တော် မတ် ၂
၂၀၂၆ ခုနှစ်၊ သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်များရရှိကြသည့် ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ဆရာတော်ကြီးများ၊ သီလရှင်ဆရာကြီးများနှင့် လူပုဂ္ဂိုလ်တို့အား သာသနာတော်ဆိုင်ရာဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များ ဆက်ကပ်လှူဒါန်းချီးမြှင့်အပ်နှင်းပွဲမင်္ဂလာအခမ်းအနားကို ယနေ့ မွန်းလွဲ ၁ နာရီတွင် နေပြည်တော်ကောင်စီရုံး၊ ဇမ္ဗူသီရိခန်းမ၌ ကျင်းပခဲ့သည်။
အခမ်းအနားသို့ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ လယ်ဝေးမြို့၊ မဏိသုခရတနာစာသင်တိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဥက္ကံသမထေရ်မြတ်၊ နေပြည်တော်တိုင်းသံဃနာယကအဖွဲ့အကျိုးဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မမင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော် မဟာဂ ဇောတိကဓဇ ဘဒ္ဒန္တကိတ္တိသာရမထေရ်မြတ်နှင့် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များ ဆက်ကပ်အပူဇော်ခံတော်မှုကြမည့် ဆရာတော်၊ သံဃာတော်များ ကြွရောက်ချီးမြှင့်တော်မူကြပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးနှင့် ဇနီး၊ နေပြည်တော်ကောင်စီဝင်များနှင့် ၎င်းတို့၏ဇနီးများ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်၊ ကော်မတီဝင်များနှင့် ဇနီးများ၊ ဌာနဆိုင်ရာများ၊ သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် လူပုဂ္ဂိုလ်များနှင့် ဖိတ်ကြားထားသည့် ဧည့်သည်တော်များ တက်ရောက်ကြည်ညိုကြသည်။
ဦးစွာ အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆိုဘုရားကန်တော့၍ အခမ်းအနား ဖွင့်လှစ်ခဲ့ပြီး ဗုဒ္ဓရောင်ခြည်တော်ဖွင့် ထူးမခြားနားသီချင်းခံသုံးပိုဒ်ကို ဖွင့်လှစ်ပူဇော်ခဲ့သည်။
ယင်းနောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အဖွဲ့ဝင်၊ လယ်ဝေးမြို့၊ မဏိသုခရတနာ စာသင်တိုက် ပဓာနနာယကဆရာတော် ဂန္ထဝါစကပဏ္ဍိတ ဒေါက်တာဘဒ္ဒန္တဥက္ကံသ မထေရ်မြတ်ထံမှ ပရိသတ်များက ငါးပါးသီလ ခံယူဆောက်တည်ခဲ့ပြီး မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံစာသင်တိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တကေသရိန္ဒ မထေရ်မြတ်က သမ္မောဒနီယကထာ ချီးမြှင့်တော်မူခဲ့သည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားခဲ့ပြီး နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆပ်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌက မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တော်ရ ပုဗ္ဗသီရိမြို့နယ်၊ ထူးကြီးစာသင်တိုက်၊ ဘဒ္ဒန္တသီလာနန္ဒနှင့် မဟာဂန္ထဝါစကပဏ္ဍိတဘွဲ့ဝောာ်ရ ဇမ္ဗူသီရိမြို့နယ်၊ မဟာဝိဇိတာရုံစာသင်တိုက် ဘဒ္ဒန္တကေသရိန္ဒထံသို့ ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇာ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်များ၊ ဒုတိယမြို့တော်ဝန်နှင့် တာဝန်ရှိသူများက မဟာသဒ္ဓမ္မဇောတိကဓဇ၊ မဟာကမ္မဋ္ဌာနာစရိယ၊ ဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မဇောတိကဓဇ၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့တံဆိပ်တော်ရဆရာတော်ကြီးများအား ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ပူဇော်ခဲ့ကြသည်။
ထို့နောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ၏ ဇနီးက ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ တပ်ကုန်းမြို့နယ်၊ ဆရာစံရပ်ကွက်၊ မြသိင်္ဂီလရှင်စာသင်တိုက်မှ သီလရှင်ဆရာကြီး ဒေါ်ဧသုသိင်္ဂီထံ ဒေါ်စန္ဒာရီထံ ဘွဲ့တံဆိပ်တော်များနှင့် အဆောင်အယောင်များကို ဆက်ကပ်ခဲ့သည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သီဟသုဓမ္မမဏိဇောတဓရဘွဲ့တံဆိပ်တော်ရ ဦးသောင်းအေးအား ဘွဲ့တံဆိပ်တော်နှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့သည်။
ထို့နောက် နေပြည်တော်တိုင်းသံဃနာယကအဖွဲ့ အကျိုးဆောင်၊ ပျဉ်းမနားမြို့၊ ပါဠိတက္ကသိုလ် မဟာဂန္ထဝါစကပဏ္ဍိတ၊ သဒ္ဓမ္မမင်္ဂလာဇေယျုံကျောင်းတိုက် တိုက်အုပ်ဆရာတော် မဟာဂ ဇောတိကဓဇ ဘဒ္ဒန္တကိတ္တိသာရမထေရ်မြတ်ထံမှ ဧည့်ပရိသတ်များက အနုမောဒနာတရားနာယူကြပြီး လှူဒါန်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေကြသည်။
အခမ်းအနားအပြီးတွင်နေပြည်တော်ကောင်စီဥက္ကဋ္ဌနှင့် ဇနီး၊ တာဝန်ရှိသူများနှင့် အလှူရှင်များက ဆရာတော်သံဃာတော်များနှင့် သီလရှင်ဆရာကြီးများအား ဆွမ်းဆန်စိမ်းနှင့် လှူဖွယ်ဝတ္ထူပစ္စည်းများ ဆက်ကပ်လောင်းလှူကြသည်။
ယနေ့ ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်မှ ၂၀၂၆ ခုနှစ် သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်တော်များရရှိကြသည့် မဟာဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ ဆရာတော်ကြီး ၂ ပါး၊ မဟာသဒ္ဓမ္မဇောတိကဓဇဘွဲ့တံဆိပ် တော်ရဆရာတာ်ကြီး ၈ ပါး၊ မဟာကမ္မဋ္ဌာနာစရိယဘွဲ့ရ ဆရာတော်ကြီး ၂ ပါး၊ ဂန္ထဝါစကပဏ္ဍိတဘွဲ့ရဆရာတော်ကြီး ၄ ပါး၊ သဒ္ဓမ္မဇောတိကဓဇ ဘွဲ့ရဆရာတော်ကြီး ၁၀ ပါး၊ ဂန္ထဝါစကပဏ္ဍိတ ဘွဲ့တံဆိပ်တော်ရ သီလရှင်ဆရာကြီး တစ်ပါး၊ သီဟသုဓမ္မမဏိဇောတဓရ ဘွဲ့တံဆိပ်တော်ရ လူပုဂ္ဂိုလ်(အမျိုးသား)တစ်ဦးတို့ကို သာသနာတော်ဆိုင်ရာ ဘွဲ့တံဆိပ်များနှင့် အဆောင်အယောင်များကို ချီးမြှင့်အပ်နှင်းခဲ့ခြင်းဖြစ်ကြောင်း သိရသည်။
ထွန်းလင်း(ဇေယျာမြေ)