သထုံ မတ် ၂
မွန်ပြည်နယ် သထုံမြို့၏ ကျက်သရေဆောင် လေးဆူဓာတ်စံရွှေစာရံစေတီတော်မြတ်ကြီးအား ယနေ့(တပေါင်းလပြည့်နေ့)၌ကျရောက်သည့် (၇၇)နှစ်မြောက် ပအိုဝ်းအမျိုးသားနေ့တွင် သထုံမြို့ပေါ်ရပ်ကွက်များမှ ပအိုဝ်းတိုင်းရင်းသားများစုပေါင်းကာ ဆွမ်း၊ ပန်း၊ ရေချမ်း၊ ဆီမီးတို့အား စုပေါင်းကပ်လှူ ပူဇော်သည်။
စေတီတော်မြတ်ကြီးအား နံနက်အရုဏ်တက်ချိန်မှစတင်ကာ မြို့ပေါ်ရပ်ကွက်တို့မှ ပအိုဝ်းတိုင်းရင်းသားအဖွဲ့များက အဖွဲ့အလိုက် ဆွမ်းတော်ကြီးကပ်လှူကြမည့် လှူဖွယ်များဖြင့် ရိုးရာယဉ်ကျေးမှုကိုထိန်းသိမ်းကာ စီတန်းလှည့်လည်၍ စေတီတော်မြတ်ကြီးရင်ပြင်တော်ပေါ်၌ ကပ်လှူပူဇော်ကြပြီး လှူဒါန်းမှုတို့အတွက် အမျှအတန်းများပေးဝေကြသည်။
သထုံရွှေစာရံစေတီတော်မြတ်ကြီးမှာ ဘုရားရှင်သက်တော်ထင်ရှားရှိစဉ်ကာလ မဟာသက္ကရာဇ် ၁၁၁ ခုနှစ် သူရိယစန္ဒာမင်းကြီးလက်ထက်၌ တည်ထားကိုးကွယ်ခဲ့သည့် ပအိုဝ်းတိုင်းရင်းသားတို့၏ အထွဋ်အမြတ်ထားရာစေတီတစ်ဆူဖြစ်ပြီး နှစ်စဉ် တပေါင်းလပြည့်နေ့သည် အဆိုပါစေတီတော်မြတ်ကြီး၏ ဗုဒ္ဓပူဇနိယပွဲတော်နေ့ဖြစ်သကဲ့သို ပအိုဝ်းအမျိုးသားနေ့လည်းဖြစ်ကြောင်း သိရသည်။
ခရိုင်ပြန်/ဆက်