တာမွေ မတ် ၂
ရန်ကုန်တိုင်းဒေသကြီး ရန်ကုန်အရှေ့ပိုင်းခရိုင် တာမွေမြို့နယ် ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီး ဌာန၏စီစဉ်မှုဖြင့် မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနတို့ပူးပေါင်း၍ မတ် ၁ ရက် နံနက်ပိုင်းက အဆိုပါ မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနရုံး လူထုအခြေပြုဗဟိုဌာန (Community Centre)ခန်းမ၌ နွေရာသီ Fitness Dance သင်တန်းဖွင့်ပွဲ ကျင်းပသည်။
အခမ်းအနားတွင် မြို့နယ်ပြန်ကြားရေးနှင့်ပြည်သူ့ဆက်ဆံရေးဦးစီးဌာနမှ ဦးစီးအရာရှိ ဒေါ်မို့မို့အောင်က အမှာစကားပြောကြားပြီး မြို့နယ်အားကစားနှင့်ကာယပညာဦးစီးဌာနမှ ဦးစီးအရာရှိ ဦးမျိုးလင်းအောင်က သင်တန်းဖွင့်လှစ်ရခြင်း၏ ရည်ရွယ်ချက်ကို ရှင်းလင်းဆွေးနွေး သည်။ ဆက်လက်၍ သင်တန်းနည်းပြဆရာမ ဒေါ်ပိုးရတနာက မိတ်ဆက်စကားပြောကြား၍ သင်ကြားရေးနှင့်ပတ်သက်၍ ရှင်းလင်းပြောကြားသည်။
အဆိုပါ သင်တန်းကို မတ်(၁)ရက်မှ မတ်(၃၁) ရက်အထိ တစ်လကြာ အခမဲ့ဖွင့်လှစ်သင်ကြားပေးမည်ဖြစ်ကြောင်း၊ တာမွေမြို့နယ်အတွင်းရှိ ကျောင်းသား/ ကျောင်းသူ လူငယ်လူရွယ်လေးများနှင့် ရပ်ကွက်နေပြည်သူများအနေဖြင့် အားကစားပြုလုပ်ခြင်းဖြင့် ကိုယ်ကာယကျန်းမာကြံ့ခိုင်စေရန်၊ ကျန်းမာရေးအတွက်အထောက်အကူဖြစ်စေရန် အားလပ်ချိန်တွင် အချိန်ကိုအကျိုးရှိစွာ အသုံးချတတ်စေရန်စသည့် ရည်ရွယ်ချက်ကောင်းများဖြင့် ဖွင့်လှစ်သင်ကြားပို့ချပေးခြင်းဖြစ်ကြောင်း သိရသည်။
မို့မို့အောင်(ပြန်/ဆက်)