ကျိုက်ထို မတ် ၂
မွန်ပြည်နယ် ကျိုက်ထိုမြို့နယ်၌ တည်ရှိသည့်ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး၏ ရောင်တော်ဖွင့်လှစ်ခြင်းနှင့် (၁၂) ကြိမ်မြောက် ကျောက်လုံးတော်ကြီး လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပွဲ မဟာမင်္ဂလာအခမ်းအနားကို မြန်မာသက္ကရာဇ် ၁၃၈၇ ခုနှစ် တပေါင်း လပြည့်နေ့ မတ်လ ၂ ရက် နံနက်(၅)နာရီခွဲက ဆံတော်ရှင်ကျိုက်ထီးရိုး ရင်ပြင်တော်၌ ကျင်းပပြုလုပ်ခဲ့သည်။
ရှေးဦးစွာ ကျိုက်ထီးရိုး ရင်ပြင်တော်ရှိဘဏ္ဍာတော်ထိန်းဂေါပကအဖွဲ့ရုံး၌ ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ ဆရာတော်များအားနယ်မြေခံတပ်နယ်မှ ဒုတိယတပ်မမှူး ဗိုလ်မှူးကြီးစိန်မင်းထွန်း၊ ကျိုက်ထိုခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်၊ ခရိုင်/မြို့နယ်အဆင့် ဌာနဆိုင်ရာ အကြီးအကဲများ၊ ဆံတော်ရှင် ကျိုက်ထီးရိုးစေတီတော်ဘဏ္ဍာတော်ထိန်း ဂေါပကအဖွဲ့ဝင်များမှ အာရုံဆွမ်း ဆက်ကပ်လှူဒါန်းပြီး အခမ်းအနားအား ဆက်လက်ကျင်းပခဲ့ရာ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ ဆရာတော် (၁၅)ပါးမှ ဆံတော်ရှင်ကျိုက်ထီးရိုး စေတီတော်မြတ်ကြီးအား ဗုဒ္ဓဘိသေက အနေကဇာတင်လှူပူဇော်ပြီး စေတီတော်မြတ်အား ဆရာတော် ကြီးများနှင့် တာဝန်ရှိသူများကအမွှေးနံ့သာရည်များဖြင့်ပူဇော်ခဲ့ကြသည်။
ယင်းနောက် မဟာမင်္ဂလာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ပူဇော်ဖွင့်လှစ်ပြီး ဆရာတော်ကြီးထံမှ (၉)ပါးသီလခံယူ ဆောက်တည်၍ ဆရာတော်ကြီးများကမေတ္တသုတ် ပရိတ်တရားတော်များရွတ်ပွားသရဇ္ဈယ် ချီးမြှင့်ပေးကာ ဩဝါဒစရိယ ဆရာတော်ကြီးများထံ ခရိုင်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးကံစောလှိုင်မှ သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး၊ တာဝန်ရှိသူများက လှူဖွယ်ဝတ္ထုပစ္စည်းများ ဆက်ကပ်လှူဒါန်းခဲ့သည်။
ယင်းနောက် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော် ဩဝါဒစရိယ နိုင်ငံတော်ဗဟိုသံဃာ့ဝန်ဆောင် ရတနာကံဦးကျောင်းတိုက် ဆရာတော်ဘဒ္ဒန္တတိက္ခသာရမှ ဩဝါဒကထာ ချီးမြှင့်တော်မူပြီး လှူဒါန်းမှုအစုစုတို့အတွက်အနုမောဒနာ တရားနာယူ၍ ရေစက်သွန်းချအမျှပေးဝေကာ ဗုဒ္ဓသာသနံစိရံတိဌတု သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုတ်သိမ်းပြီး ဆရာတော်၊ သံဃာတော်များအား ဆွမ်းဆန်တော်များလောင်းလှူခဲ့ကြကြောင်း သိရသည်။
ပြည့်ဖြိုး(ပြန်/ဆက်)