ပုဇွန်တောင် မတ် ၂
ရန်ကုန်တိုင်းဒေသကြီး၊ ဗိုလ်တထောင်ခရိုင်၊ ပုဇွန်တောင်မြို့နယ်၌ ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၄) ကြိမ်မြောက် ဘုရားဖြူဝိနည်း စာတော်ပြန်ပွဲ စာအောင်ဆုနှင်းသဘင် အခမ်းအနားကို ပုဇွန်တောင်မြို့နယ်၊ အမှတ် (၁၀) ရပ်ကွက်၊ ဘုရားဖြူကျောင်းတိုက်ရှိ သံဃသမိတိ ကျောင်းတိုက်၌ ယမန်နေ့နံနက် ၉ နာရီအချိန်က ကျင်းပခဲ့သည်။
အခမ်းအနားကို နမောတဿ သုံးကြိမ်ရွတ်ဆို ဘုရားကန်တော့ဖွင့်လှစ်ပြီး အသင်းကြီး၏နာယက ဆရာတော် ဘဒ္ဒန္တနန္ဒသာရ (ဓမ္မိကာရာမကျောင်းတိုက်) ထံမှ ငါးပါးသီလခံယူဆောက်တည်ကြပြီး အသင်းကြီး၏ နာယကဆရာတော် ဘုရားဖြူကျောင်းတိုက် ပဓာနနာယကဆရာတော် ဘဒ္ဒန္တ တိလောကာဘိဝံသထံမှ ဩဝါဒကထာ ဟောကြားချီးမြှင့်တော်မူသည်။ ယင်းနောက် ရန်ကုန်တိုင်း ဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း ဝိနည်းစာတော်ပြန်ပွဲဆိုင်ရာများနှင့်စပ်လျဉ်း၍ အသင်းဥက္ကဋ္ဌ ဦးမြင့်ဆွေမှ ၁၃၈၇ ခုနှစ် နတ်တော်လတွင်ကျင်းပခဲ့သော ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ (၉၄) ကြိမ်မြောက် ဘုရားဖြူဝိနည်းစာတော်ပြန်ပွဲတွင် အတန်းစုံ(၆၀၆)ပါး ဖြေဆိုခဲ့ကြောင်း ဝိနယပါရဂူစာချတန်း ကျမ်းပြီးအောင် (၁) ပါး၊ (၂)ကျမ်းအောင်(၂)ပါး၊ (၁)ကျမ်းအောင် (၁) ပါး၊ အကြီးတန်းအောင် (ဝိနယဝိသာရဒ) (၂)ပါး၊ အလတ်တန်းအောင် (ဝိနယဆေက) (၁၂)ပါး၊ အငယ်တန်းအောင်(ဝိနယကောသလ္လ) (၄၀) ပါး၊ မူလတန်းအောင် (သာမဏေရဝိနယမူလ) (၂၁၄) ပါး စုစုပေါင်း (၂၇၂)ပါး ဖြေဆိုအောင်မြင်ခဲ့ကြောင်းနှင့် ကျေးဇူးတင်စကား ရှင်းလင်းလျှောက်ထားခဲ့သည်။
ထို့နောက် ပုဇွန်တောင်မြို့နယ်စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးဇော်မိုးအောင်နှင့် အဖွဲ့ဝင်များ၊ ရန်ကုန်တိုင်းဒေသကြီးလုံးဆိုင်ရာ ဝိနယာနုဂ္ဂဟအသင်း၏ နာယကများနှင့်ဥက္ကဋ္ဌ၊ အမှုဆောင်များနှင့်အလှူရှင်များက ဆရာတော်သံဃာတော်များနှင့် စာအောင်သံဃာတော်အရှင်သူမြတ်တို့အား အောင်လက်မှတ်နှင့်လှူဖွယ်ဝတ္ထုများ ဆက်ကပ်လှူဒါန်းကြကာ အသင်းကြီး၏ နာယကဆရာတော် ဝိနယပါရဂူ ဘဒ္ဒန္တကေသရာဘိဝံသထံမှ အနုမောဒနာနှင့် ရေစက်ချတရား နာကြား၍ ကုသိုလ်ကောင်းမှုအစုစုတို့အတွက် ရေစက်သွန်းချ အမျှပေးဝေခဲ့ကြပြီးနောက် “ဗုဒ္ဓ သာသနံ စိရံ တိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုကာ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သတင်းရရှိသည်။
ဟန်စုယဉ်