တွံတေးမြို့နယ်၌ ဝက်သက်-ဂျိုက်သိုးရောဂါ ကာကွယ်ဆေး အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း ဆောင်ရွက်

တွံတေး မတ် ၂

ရန်ကုန်တိုင်းဒေသကြီး၊ တွံတေးခရိုင်၊ တွံတေးမြို့နယ်တွင် ပြည်သူ့ကျန်းမာရေးဦးစီးဌာနမှ မြို့နယ်အတွင်း အစုအဝေးဖြင့်နေထိုင်သောနေရာများရှိ အသက်(၉)လမှ ၁၅ နှစ်အောက်ကလေးများအား ၀က်သက်-ဂျိုက်သိုးရောဂါကာကွယ်ဆေး အပိုထပ်ဆောင်း ကာကွယ်ဆေး ထိုးနှံမှုကို ဆက်လက်ထိုးနှံပေးလျက်ရှိကြောင်း သိရသည်။

ပြည်သူ့ကျန်းမာဦးစီးဌာနနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးမှူးများနှင့် အဖွဲ့ဝင်များပူးပေါင်း၍ မြို့နယ်အတွင်း ဆောင်ရွက်လျက်ရှိသော ဝက်သက်-ဂျိုက်သိုး ရောဂါကာကွယ်ဆေး အပိုထပ်ဆောင်းကာကွယ်ဆေးထိုးနှံခြင်း လုပ်ငန်းများကို  ဆောင်ရွက်ခဲ့ကြသည်။

အဆိုပါ လုပ်ငန်းတွင် အသက်(၉)လမှ (၁၅)နှစ်အတွင်း ကလေးငယ်များအား ရောဂါကာကွယ်ရေးအတွက် လိုအပ်သည့် ဝက်သက်-ဂျိုက်သိုးရောဂါ (MR) ကာကွယ်ဆေးများကို စနစ်တကျ စာရင်းသွင်း၍ ထိုးနှံပေးခဲ့ပြီး ရောဂါကာကွယ်ရေးနှင့် ကျန်းမာရေးအသိပညာပေးခြင်းများ ရှင်းလင်းဟောပြောခဲ့ကြကြောင်း သိရသည်။

တွံ​တေးမြို့နယ်အတွင်း ကလေးငယ်များရောဂါကင်းဝေးစေရန်နှင့် ပြည်သူလူထု ကျန်းမာရေးကောင်းမွန်စေရန်ရည်ရွယ်၍ ဌာနဆိုင်ရာများနှင့် ရပ်ကွက်၊ ကျေးရွာအုပ်ချုပ်ရေးအဖွဲ့များ ပူးပေါင်းဆောင်ရွက်လျက်ရှိပြီး ဆက်လက်၍ လိုအပ်သည့် ကျန်းမာရေး၊ ကာကွယ်ရေးလုပ်ငန်းများကို အရှိန်အဟုန်မြှင့် ဆောင်ရွက်သွားမည်ဖြစ်ကြောင်း သိရသည်။

မျိုးလှိုင်(တွံတေး)