မရမ်းကုန်း မတ် ၂
ချင်းတွင်းအသင်း(ရန်ကုန်)၏ (၈၀) နှစ်မြောက် နှစ်ပတ်လည်သင်းလုံးကျွတ်ညီလာခံနှင့် သက်ကြီးပူဇော်ပွဲ၊ အလုပ်အမှုဆောင်အဖွဲ့သစ်ရွေးချယ်တင်မြှောက်ပွဲကို ယမန်နေ့ နံနက် ၉ နာရီက ချင်းတွင်းအသင်းတည်ရှိရာ မရမ်းကုန်းမြို့နယ်၊ စွယ်တော်မြတ်စေတီဝင်းအတွင်း အနုတ္တရောပုရိသဒမ္မသာရထိဓမ္မာရုံ၌ ကျင်းပပြုလုပ်ရာ ချင်းတွင်းအသင်း၊ အသင်းဝင်များ တက်ရောက်ခဲ့ကြသည်။
ရှေးဦးစွာ အသင်းဥက္ကဋ္ဌ ဦးဇော်လင်းဦးက အဖွင့်အမှာစကားပြောကြားခဲ့ပြီး သက်ကြီးပူဇော်ပွဲကျင်းပရာဒုတိယဥက္ကဋ္ဌ ဦးအောင်ခင်(အောင်သူရိန်-ပုလဲ)က ကန်တော့ချိုးတိုင်တည်၍ အသင်းဝင်များက အသက် ၈၀ နှစ်အထက် ဘိုးဘွား ၂၆ ဦးတို့အား ပူဇော်ကန်တော့ငွေများဖြင့် ကန်တော့ခဲ့ကြသည်။ ယင်းနောက် သက်ကြီးဘိုးဘွားများ ကိုယ်စား ဗိုလ်ချုပ်(ငြိမ်း)ထွန်းကြည်နှင့် ဆရာအောင်ချိန်ဘွားတို့က မုဒိတာစကားများ ပြောကြားခဲ့ကြသည်။
ဆက်လက်၍ (၃၁) ကြိမ်မြောက် ပခုက္ကူဦးအုန်းဖေစာပေဆု (ဝတ္ထုတိုပေါင်းချုပ်ဒုတိယဆု)နှင့် ၂၀၂၄ ခုနှစ် အမျိုးသားစာပေဆု(ကလေးစာပေ)ရရှိသည့် ဒေါ်ဋ္ဌေးစီ (ဆရာမ သက်ဦးခင်)အား ချင်းတွင်းအသင်းကိုယ်စား ဆရာအောင်ချိန်ဘွားနှင် ဆရာအောင်သူရိန်(ပုလဲ)တို့က ထပ်ဆင့်ဂုဏ်ပြုချီးမြှင့်ခဲ့ကြသည်။ ထို့နောက် အတွင်းရေးမှူး ဒေါက်တာအောင်ခင်သန်းက အလုပ်အမှုဆောင်အဖွဲ့၏ အစီရင်ခံစာနှင့် ဘဏ္ဍာရေးအစီရင်ခံစာအား ဖတ်ကြားခဲ့သည်။
ဆက်လက်၍ ၂၀၂၅ ခုနှစ် အလုပ်အမှုဆောင်အဖွဲ့က နုတ်ထွက်ကြောင်းကြေညာပြီး ၂၀၂၆ - ၂၀၂၈ ခုနှစ် အလုပ်အမှုဆောင်အဖွဲ့သစ် အမည်စာရင်းတင်သွင်းရာ နာယကကြီး ဆရာအောင်ချိန်ဘွားက အတည်ပြုပေးခဲ့ပြီး ချင်းတွင်းအသင်းဥက္ကဋ္ဌအသစ် ဒေါ်ဋ္ဌေးစီ (ဆရာမသက်ဦးခင်) က နှုတ်ခွန်းဆက်စကား ပြောကြားခဲ့ကြောင်း သိရသည်။
ယဉ်မော်(ပြန်/ဆက်)