နေပြည်တော်ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒါစရိယဆရာတော်ကြီးများထံမှ (၂၁)ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနား ကျင်းပ

နေပြည်ဝောာ် မတ် ၂

ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ သြဝါဒစရိယဆရာတော်ကြီးများထံမှ (၂၁)ကြိမ်မြောက် သြဝါဒခံယူပွဲအခမ်းအနားကို ယမန်နေ့ညနေ ၄ နာရီတွင် ဥပ္ပါတသန္တိစေတီတော် သာသနာ့မဟာဗိမာန်တော်၊ ဆွမ်းစားခန်းမ၌ ကျင်းပရာ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်တိုင်းဒေသကြီး၊ သံလျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသ၊ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင် အဂ္ဂမဟာပဏ္ဍိတ အဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ မဟာဓမ္မကထိက ဗဟုဇနဟိတဓရ၊ မန္တလေးတိုင်းဒေသကြီး၊ မဟာအောင်မြေမြို့နယ် မစိုးရိမ်တိုက်သစ်မဟာနာယက ဓမ္မသမိဒ္ဓိကျောင်းဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသနှင့် ဒေသခံသြဝါဒစရိယ ဆရာတော်ကြီးများ ကြွရောက်ချီးမြှောက်တော်မူခဲ့ကြသည်။

အခမ်းအနားသို့ နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦး၊ နေပြည်တော်ကောင်စီဝင်များ၊ နေပြည်တော်စည်ပင်သာယာရေးကော်မတီ ဒုတိယမြို့တော်ဝန်နှင့် ကော်မတီဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ဂေါပကအဖွဲ့ဝင်များနှင့် ဂေါပကအဖွဲ့ရုံးဝန်ထမ်းများ တက်ရောက်ခဲ့ကြသည်။

ဦးစွာအခမ်းအနားကို နမောတဿသုံးကြိမ်ရွတ်ဆို ဘုရားကန်တော့၍ ဖွင့်လှစ်ခဲ့ပြီး ဥပ္ပါတသန္တိစေတီတော်မြတ်ကြီးဂေါပကအဖွဲ့၏ ဩဝါဒစရိယဆရာတော် နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ အဂ္ဂမဟာပဏ္ဍိတအဂ္ဂမဟာသဒ္ဓမ္မဇောတိကဓဇ ရန်ကုန်တိုင်းဒေသကြီး သံလျင်မြို့ မင်းကျောင်းပထမပြန်စာသင်တိုက်ဆရာတော် ဒေါက်တာဘဒ္ဒန္တစန္ဒိမာဘိဝံသထံမှ ပရိသတ်များက ငါးပါးသီလခံယူဆောက်တည်ခြင်း၊ ပရိတ်တရားတော်များ နာယူခြင်းများ ဆောင်ရွက်ခဲ့သည်။

ယင်းနောက် နေပြည်တော်ကောင်စီဥက္ကဋ္ဌ ဦးသန်းထွန်းဦးက သာသနာရေးဆိုင်ရာများ လျှောက်ထားပြီး နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ဥက္ကဋ္ဌ ဆရာတော်ဒေါက်တာဘဒ္ဒန္တ စန္ဒိမာဘိဝံသထံမှ ဂေါပကအဖွဲ့ဝင်များ အမြဲမပြတ် နှလုံးသွင်းလိုက်နာဖွယ်ဖြစ်သော ဩဝါဒကထာများကို ချီးမြှင့်တော်မူသည်။

ဆက်လက်၍ နိုင်ငံတော်သံဃမဟာနာယကအဖွဲ့ အကျိုးတော်ဆောင်ဆရာတော် ဘဒ္ဒန္တဝါသေဋ္ဌာဘိဝံသထံမှ ရေစက်ချအနုမောဒနာတရားနာယူကာ “ဗုဒ္ဓသာသနံစိရံတိဋ္ဌတု” သုံးကြိမ်ရွတ်ဆိုဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်း သိရသည်။

ထွန်းလင်း(ဇေယျာမြေ)