လယ်ဝေး မတ် ၂
နေပြည်တော်ကောင်စီဝင် ဦးမြင့်စိုးသည် တာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ကံသာကျေးရွာဓမ္မာရုံတွင်လယ်ဝေးမြို့နယ်၊ ကျေးလက်ဒေသဖွံ့ဖြိုးတိုးတက်ရေးဦးစီးဌာနမှ ဖွင့်လှစ်သည့် အဆင့်မြင့်အပ်ချုပ်စက်သင်တန်းဆင်းပွဲသို့ တက်ရောက်သည်။
ရှေးဦးစွာ နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးက သင်တန်းဆင်းအမှာစကားပြောကြားသည်။ ဆက်လက်၍ နေပြည်တော်ကောင်စီဝင်နှင့် တာဝန်ရှိသူများက အဆင့်မြင့် စက်ချုပ်သင်တန်းတွင် ထူးချွန်ဆုရရှိသည့် သင်တန်းသူနှစ်ဦးအား အပ်ချုပ်စက် တစ်လုံးစီဆုချီးမြှင့်ပေးအပ်ပြီး သင်တန်းဆင်းလက်မှတ်များပေးအပ်သည်။ အဆိုပါအဆင့်မြင့်အပ်ချုပ်စက်သင်တန်းအား ဇန်နဝါရီ ၁၅ ရက်မှဖေဖော်ဝါရီ ၂၈ ရက်အထိသင်ကြားပို့ချပြီး ကံသာ၊သာယာစု၊ သဲဖြူ၊ အောက်ချိုင်း ကျေးရွာများမှ သင်တန်းသူ ၂၀ ဦးတက်ရောက်ခဲ့ကြောင်း သိရသည်။
ထို့နောက် နေပြည်တော်ကောင်စီဝင်ဦးမြင့်စိုးသည် လယ်ဝေးမြို့နယ်၊ ရှားချောင်းကျေးရွာ၊ ကွင်းအမှတ် ၁၈၀၂ က၊ တောင်သူဦးကျော်စွာလင်း၏ လယ်မြေ ၅ဒသမ၅ဧက တွင် ၁၀တန်းသွား မျိူးစေ့ချစက်(ဆီဒါ) ဖြင့်နှံကောက်မျိုး နွေစပါးစိုက်ပျိုးနေမှုအား ကွင်းဆင်းကြည့်ရှု၍ ဒေသခံ တောင်သူများနှင့်တွေ့ဆုံကာ လိုအပ်သည်များအား သက်ဆိုင်ရာဌာနများနှင့် ညှိနှိုင်းဖြည့်ဆည်း ဆောင်ရွက်ပေးခဲ့သည်။ လယ်ဝေးမြို့နယ်အတွင်း နွေစပါးစိုက်ပျိုးရန်အတွက် ၁၆၀၄၅ ဧက လျာထားကာ၂၄၁ ဧကစိုက်ပျိုးပြီးဖြစ်ကြောင်း သိရသည်။
မြို့နယ်(ပြန်/ဆက်)