ပုသိမ်ကြီး မတ် ၁
နှစ်စဉ်ကျင်းပမြဲ ပုသိမ်ကြီးမြို့နယ်ရှိ သစ္စာအဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရား၏ (၇၈)ကြိမ်မြောက် ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားကို ယနေ့နံနက်ပိုင်းက ကျင်းပရာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် တိုင်းဒေသကြီးတရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်၊ တိုင်းဒေသကြီးအစိုးရအဖွဲ့ဝင်ဝန်ကြီးများ၊ တိုင်း၊ ခရိုင်၊ မြို့နယ်အဆင့်ဌာနဆိုင်ရာ တာဝန်ရှိသူများနှင့် ဖိတ်ကြားထားသူများ တက်ရောက်ကြသည်။
ဦးစွာ မန္တလေးတိုင်းဒေသကြီးအစိုးရအဖွဲ့ဝင် သယံဇာတရေးရာဝန်ကြီး ဦးရွှေဇင်၊ လမ်းပန်းဆက်သွယ်ရေးဝန်ကြီး ဦးအောင်ဇော်ဦး၊ လူမှုရေးရာဝန်ကြီး ဦးအောင်ကျော်မိုး၊ အောင်မြေသာစံခရိုင် အုပ်ချုပ်ရေးမှူး ဦးအောင်ဆွေ၊ ဂေါပကအဖွဲ့ဥက္ကဋ္ဌ ဦးသိန်းဇော်တို့က ဗုဒ္ဓပူဇနိယပွဲတော်အခမ်းအနားအား ဖဲကြိုးဖြတ်ဖွင့်လှစ်ပေးပြီးနောက်၊ အမှတ်တရ သစ်ပင်စိုက်ပျိုးကြသည်။ ဗုဒ္ဓပူဇနိယပွဲတော်အထိမ်းအမှတ် ဇီဝိတဒါနအဖြစ် ရွှေဝါငါးကြင်း၊ ငါးခုံးမကြီး စုစုပေါင်းအကောင်ရေ နှစ်သောင်းကို ဒုဋ္ဌဝတီမြစ်အတွင်း လွှတ်ပေးကြပြီးနောက် ပွဲဈေးတစ်လျှောက် လိုက်လံကြည့်ရှုကာ မြန်မာ့ခြင်းအလှခတ်ပွဲအား ကြည့်ရှုအားပေးသည်။
ဆက်လက်၍ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ် ဒေါ်လှမြင့်နှင့် ဝန်ကြီးများသည် သစ္စာအဓိဋ္ဌာန် ရွှေစာရံမြတ်စွာဘုရားအား ဖူးမြော်ကြည်ညို၍ ရွှေသင်္ကန်း၊ ပန်း ၊ ရေချမ်းနှင့် အလှူငွေများဆက်ကပ်လှူဒါန်းကြသည်။ ၎င်းနောက် အခမ်းအနားကို ဗုဒ္ဓသန္တကမဟာဓမ္မဗိမာန်တော်ကြီးတွင် ဆက်လက်ကျင်းပရာ ဩဝါဒါစရိယ ဆရာတော်ကြီးများအား ဖူးမြော်ပြီး နမောတဿ ၃ ကြိမ်ရွတ်ဆို ဘုရားကန်တော့၍ အခမ်းအနားကို ဖွင့်လှစ်ခဲ့ပြီး၊ မြို့နယ်သံဃနာယကအဖွဲ့ နာယကဆရာတော်ဘဒ္ဒန္တဃောသိတ ထံမှ တိုင်းဒေသကြီး တရားလွှတ်တော်တရားသူကြီးချုပ်၊ ဝန်ကြီးများ၊ တာဝန်ရှိသူများနှင့် တက်ရောက်လာကြသူများက ငါးပါးသီလ ခံယူဆောက်တည်ကြပြီးနောက် ဆရာတော်၊ သံဃာတော်များရွတ်ပွားသည့် ပရိတ်တရားတော်များကို နာယူကြည်ညို၍ လှူဖွယ်ပစ္စည်းနှင့် နဝကမ္မဝတ္ထုငွေများ ဆက်ကပ်လှူဒါန်းကြသည်။
၎င်းနောက် မြို့နယ်သံဃနာယကဥက္ကဋ္ဌ ဆရာတော် ဘဒ္ဒန္တဥတ္တမထံမှ ရေစက်ချ အနုမောဒနာတရား နာယူကြည်ညိုကာ ရေစက်သွန်းလောင်းပြီးနောက် ဗုဒ္ဓသာသနံ စိရံတိဋ္ဌတု ၃ ကြိမ်ရွတ်ဆို ဆုတောင်း၍ အခမ်းအနားကို ရုပ်သိမ်းခဲ့ကြောင်းနှင့် ဆရာတော်၊ သံဃာတော်များအား နေ့ဆွမ်းများ ဆက်ကပ်လှူဒါန်းခဲ့ကြောင်း သိရသည်။
ဇာနည်ကိုကို (ပြန်/ဆက်)