မော်လမြိုင် မတ် ၁
မွန်ပြည်နယ် အထွေထွေအုပ်ချုပ်ရေးဦးစီးဌာန၊ အခြေခံပညာဦးစီးဌာနနှင့် ဗုဒ္ဓဘာသာကလျာဏယုဝအသင်းတို့ ပူးပေါင်းဖွင့်လှစ်သည့် (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်အခြေခံသင်တန်းဖွင့်ပွဲအခမ်းအနားကို ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့ အမှတ်(၁) အခြေခံပညာအထက်တန်းကျောင်း စိန်ရတုခန်းမ၌ ကျင်းပပြုလုပ်သည်။
ဦးစွာအခမ်းအနားကို နမောတဿ(၃)ကြိမ်ရွတ်ဆို၍ ဖွင့်လှစ်ပြီး မွန်ပြည်နယ်အစိုးရအဖွဲ့ လူမှုရေးရာဝန်ကြီး ဦးတင်ဇော်ထွန်းက နွေရာသီကျောင်းပိတ်ရက်များတွင် မွန်ပြည်နယ်အတွင်းရှိ ကျောင်းသား၊ ကျောင်းသူလူငယ်များအတွက် ဗုဒ္ဓဘာသာယဉ်ကျေးလိမ္မာသင်တန်းများကို ဖွင့်လှစ်သင်ကြားပေးလျက်ရှိကြောင်း၊ ယဉ်ကျေးလိမ္မာသင်တန်းများကို တက်ရောက်သင်ယူရသည့်အတွက် ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် ဗုဒ္ဓဘာသာနှင့်ပတ်သက်သော အခြေခံယဉ်ကျေးမှုများကို တတ်သိနားလည်လာခြင်း၊ ရတနာသုံးပါးအကြောင်းကို သိရှိနားလည်ကိုးကွယ်ဆည်းကပ်တတ်၍ အလိမ္မာတရား၊ အလိမ္မာစိတ်ဓါတ်များ ကိန်းအောင်းလာခြင်း၊ ဒုစရိုက်တရားများကို ရှောင်ကြဉ်၍ သုစရိုက်တရားများကို ဆောင်တတ်လာခြင်း၊ ဆရာ၊ မိဘ၊ လူကြီးသူမများကို ရိုသေကိုင်းရှိုင်းသော လူယဉ်ကျေးကလေးများဖြစ်လာခြင်း၊ မြန်မာ့ယဉ်ကျေးမှုအနှစ်သာရများကို တန်ဖိုးထားတတ်လာခြင်း၊ လူတော်လူကောင်းများ ဖြစ်လာခြင်းစသည့် အကျိုးတရားများကို ရရှိလာမှာဖြစ်ပါကြောင်း၊ သင်တန်းနည်းပြဆရာ၊ ဆရာမများအနေဖြင့်လည်း မျိုးဆက်သစ်လူငယ်များကို ယဉ်ကျေးလိမ္မာစေရန်၊ နိုင်ငံတော်အတွက် တန်ဖိုးမဖြတ်နိုင်သည့် ဗုဒ္ဓဘာသာမြန်မာ့ယဉ်ကျေးမှုအစဉ်အလာများကို ထိန်းသိမ်းစောင့်ရှောက်နိုင်မည့် လူငယ်များ ဖြစ်လာစေရန်အတွက် သင်ကြားပေးကြစေလိုကြောင်း၊ ကျောင်းသား၊ ကျောင်းသူ လူငယ်များအနေဖြင့် သင်တန်းနည်းပြများပို့ချသော ဗုဒ္ဓဘာသာအခြေခံ ယဉ်ကျေးလိမ္မာသင်ခန်းစာများကို စနစ်တကျ လေ့လာသင်ယူဆည်းပူးကြစေလိုကြောင်း ပြောကြားသည်။
ထို့နောက် ဗုဒ္ဓဘာသာကလျာဏယုဝအသင်း(YMBA)အသင်းဥက္ကဋ္ဌမှ အမှာစကားပြောကြားပြီး ယဉ်ကျေးလိမ္မာသင်တန်းတက်ရောက်မည့် ကလေးများအတွက် သင်ထောက်ကူပစ္စည်းများအား (YMBA) အသင်းဥက္ကဋ္ဌက မြို့နယ်အုပ်ချုပ်ရေးမှူးထံ ပေးအပ်ခဲ့သည်။
အဆိုပါ (၃၈)ဖြာမင်္ဂလာတရားတော်နှင့် ဗုဒ္ဓဝင်အခြေခံသင်တန်းကို ကျောင်းသား၊ ကျောင်းသူ(၆၄)ဦး တက်ရောက်ပြီး သင်တန်းကာလ မတ်လ(၁)ရက်နေ့မှ (၁၂)ရက်နေ့အထိ သင်ကြားပို့ချသွားမည်ဖြစ်ကြောင်း သိရသည်။
စည်သူ(ပြန်/ဆက်)