ပုဂ္ဂလိကဆေးရုံး ဆေးခန်းများ မီးဘေးလုံခြုံရေးတာဝန်ရှိသူများ ကွင်းဆင်းစစ်ဆေး၍ အသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများ ဆောင်ရွက်

ကျောက်ပန်းတောင်း မတ် ၁

မန္တလေးတိုင်းဒေသကြီး၊ ညောင်ဦးခရိုင် ကျောက်ပန်းတောင်းမြို့နယ်၌ တိုင်းဒေသကြီး ပုဂ္ဂလိက ကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ တာဝန်ရှိသူများ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌနှင့်အဖွဲ့ဝင်များ မီးသတ်ဦးစီးဌာန မြို့နယ်ဦးစီးမှူးနှင့် တပ်ဖွဲ့ဝင်များလိုက်ပါလျက်၊ ယမန်နေ့နံနက်က ပုဂ္ဂလိကဆေးရုံဆေးခန်းများ မီးဘေးလုံခြုံရေး စစ်ဆေးအသိပညာပေးခြင်းနှင့် ဇာတ်တိုက်လေ့ကျင့်ခြင်းများကို ကွင်းဆင်းဆောင်ရွက်ခဲ့သည်။

မန္တလေးတိုင်းဒေသကြီး ပုဂ္ဂလိကကျန်းမာရေးလုပ်ငန်းဆိုင်ရာ ကြီးကြပ်ရေးကော်မတီမှ ညွှန်ကြားရေးမှူး ဒေါက်တာမျိုးသန့်ခိုင် ဦးဆောင်သော ကော်မတီအဖွဲ့ဝင်များ၊ မြို့နယ်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးသန်းလွင်နှင့် အဖွဲ့ဝင်များဦးဆောင်၍ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် တပ်ဖွဲ့ဝင်များသည်၊ ကျောက်ပန်းတောင်းမြို့ သီရိမင်္ဂလာရပ်ကွက်ရှိ သုခပြည့်စုံ ပုဂ္ဂလိကဆေးရုံ၊ ပြည်တော်သာရပ်ကွက်ရှိ ပုဂ္ဂလိကပိုင် ဝင်းဆေးရုံတို့အား မီးဘေးလုံခြုံရေးဆိုင်ရာ ဆောင်ရွက်ထားရှိမှုတို့အား ကွင်းဆင်းစစ်ဆေးခဲ့ကြသည်။ ထိုသို့စစ်ဆေးရာတွင် သက်ဆိုင်ရာဌာနအလိုက် ကွင်းဆင်းစစ်ဆေးခြင်း၊ မီးဘေးလုံခြုံရေးဆိုင်ရာစစ်ဆေး ထောက်ခံချက် FSC ရယူဆောင်ရွက်ထားရှိပြီး၊ ဆောင်ရွက်ထားရှိမှုအပေါ် မီးဘေးလုံခြုံရေးဆိုင်ရာ တပ်ဆင်ထားရှိရမည့် စနစ်များဖြစ်သည့် Fire Alam၊ Smoke Detector နှင့် Control Penal Fire. Prptection System များဖြစ်သည့် မီးသတ်ဆေးဘူးများ ကောင်းမွန်မှု ရှိ/မရှိ၊ Bettery Backup System နှင့် Exit Sign များ ကောင်းမွန်မှု ရှိ/မရှိ၊ ရေရရှိရေးစနစ်များနှင့် ဆေးရုံပတ်ဝန်းကျင် မီးသတ်ယာဉ် ဝင်ထွက်သွားလာနိုင်မှု၊ အရေးပေါ်လှေကားနှင့် ဆေးရုံအတွင်း အမှုက်စွန်းပစ်မှု စနစ်များအား စစ်ဆေးပညာပေးခြင်းများ ဆောင်ရွက်ခဲ့ကြပြီး၊ မြို့နယ်မီးသတ်ဦးစီးမှူး ဦးသန်းမြင့်နှင့် ဝန်ထမ်းများက ပုဂ္ဂလိကဆေးရုံ တာဝန်ရှိသူများနှင့် ဝန်ထမ်းများအား မီးဘေးလုံခြုံရေးဆိုင်ရာ အသိပညာပေးဟောပြောခြင်းနှင့် မီးသတ်ဆေးဘူးအသုံးပြု မီးငြှိမ်းသတ်နည်းများကို လက်တွေ့ပြသ၍ ဆေးရုံဝန်ထမ်းများနှင့်အတူ ဇာတ်တိုက်လေ့ကျင့်ခဲ့ကြကြောင်း သိရသည်။

နေအောင်(ပြန်/ဆက်)