ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်း ပြည်နယ်ဘိုးဘွားရိပ်သာသို့ အလှူငွေနှင့်ချီးမြှင့်ပစ္စည်းများ လှူဒါန်း၊ စစ်တွေမြို့ ဖွံ့ဖြိုးရေးလုပ်ငန်းများ ကွင်းဆင်းကြည့်ရှုစစ်ဆေး

စစ်တွေ ဖေဖော်ဝါရီ ၂၈

ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းသည် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယနေ့နံနက်ပိုင်းက စစ်တွေမြို့၊ ဘိုးဘွားရိပ်သာသို့ အလှူငွေနှင့် ချီးမြှင့်ပစ္စည်းများလှူဒါန်းပွဲအခမ်းအနားသို့ တက်ရောက်ကြသည်။

အခမ်းအနားတွင် ရခိုင်ပြည်နယ်ဝန်ကြီးချုပ် ဦးထိန်လင်းက အဘိုးအဘွားများကို ကျန်းမာရွှင်လန်းစွာဖြင့် တွေ့ရသည့်အတွက် ဝမ်းသာပီတိဖြစ်ရကြောင်း၊ ရခိုင်ပြည်နယ် အစိုးရအဖွဲ့အနေဖြင့် အဘိုးအဘွားများကို ပုံမှန်ထောက်ပံ့လှူဒါန်းမှုများရှိသကဲ့သို့ အခါအားလျော်စွာ လာရောက်တွေ့ဆုံ ဂါရဝပြုကာ အာဟာရ၊ ဆေးဝါးနှင့် အလှူငွေများကို လှူဒါန်းပေးလျက်ရှိကြောင်း၊ အဘိုးအဘွားတို့ပို့သသည့် မေတ္တာကိုခံယူ၍ ကြည့်နူးပီတိဖြစ်ရကြောင်း၊ အဘိုးအဘွားများ အေးချမ်းစွာ တရားဘာဝနာ၊ မေတ္တာဘာဝနာပွားများ အားထုတ်နိုင်ရန် အမြဲလှူဒါန်းမှုများရှိကြောင်း၊ အဘိုးအဘွားတို့၏ မေတ္တာပို့သမှုကြောင့် ရခိုင်ပြည်နယ်နှင့် မြန်မာနိုင်ငံတော်ကြီး အေးချမ်းသာယာပါစေကြောင်း ဂါရဝစကား ပြောကြားသည်။

ထို့နောက် ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌ ဦးရွှေထွန်းအောင်က ဘိုးဘွားရိပ်သာနှင့်ပတ်သက်၍ ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ အမျိုးသမီးရေးရာအဖွဲ့ဝင်များ၊ မိခင်နှင့်ကလေးစောင့်ရှောက်မှုကြီးကြပ်ရေးအဖွဲ့ဝင်များက အဘိုးအဘွားများအား အလှူငွေနှင့် စားသောက်ဖွယ်ရာပစ္စည်းများကို ပေးအပ်လှူဒါန်းကြသည်။ ဆက်လက်၍ ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဘိုးဘွားရိပ်သာအတွက် အလှူငွေများကို ပြည်နယ်ဝန်ကြီးချုပ်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များက ပေးအပ်လှူဒါန်းကြရာ ဘိုးဘွားရိပ်သာကြီးကြပ်မှုကော်မတီဥက္ကဋ္ဌနှင့် တာဝန်ရှိသူများက လက်ခံရယူကြသည်။

ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ဘိုးဘွားရိပ်သာအတွင်း  လျှပ်စစ်မီးရရှိနိုင်ရန် ရခိုင်ပြည်နယ်အစိုးရအဖွဲ့မှ ဆိုလာစနစ်ဖြင့် လျှပ်စစ်မီးများ တပ်ဆင်ထားရှိမှုနှင့် ဆိုလာမီးဖြင့် အဘိုးအဘွားများအတွက် ထမင်းနှင့်ဟင်းလျာများ ချက်ပြုတ်ထားရှိမှုတို့ကို လှည့်လည်ကြည့်ရှုစစ်ဆေးကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့ အဝင်မုခ်ဦးတည်ဆောက်နေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ ဆောက်လုပ်ရေးတာဝန်ခံက လုပ်ငန်းများဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် လုပ်ငန်းအစီအမံများကို ရှင်းလင်းတင်ပြသည်။ တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က သတ်မှတ်စံချိန်စံညွှန်းများ ပြည့်မီရေး၊ အချိန်မီပြီးစီးနိုင်ရေး စေတနာထား ဆောင်ရွက်သွားကြရန်မှာကြားပြီးလိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးခဲ့သည်။ ဆက်လက်၍ ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် မြို့ဝင်မုခ်ဦးတည်ဆောက်နေမှုလုပ်ငန်းခွင်နှင့် မုခ်ဦးအနီး မြေယာရှုခင်း ဆောင်ရွက်ထားရှိမှုများ၊ မုခ်ဦးအဝင်လမ်း ကောင်းမွန်စေရေးနှင့် ရေစီးရေလာကောင်းမွန်ရေး ဆောင်ရွက်နေမှုများကို လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် စစ်တွေမြို့၊ ဂစ္ဆပရပ်ကွက်ရှိ ရန်ပြေမာန်ပြေဘုရားကြီးအား ရခိုင်ပြည်နယ်အစိုးရအဖွဲ့က လုံးတော်ပြည့်ရွှေသင်္ကန်း ကပ်လှူပူဇော်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုဖူးမြော်ကြသည်။ ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်နှင့်အဖွဲ့သည် ရခိုင်ပြည်နယ် အစိုးရအဖွဲ့အိမ်ရာဝင်းအတွင်း နေအိမ်များအား အကြီးစားပြုပြင်နေမှုနှင့် ပြုပြင်ပြီးစီးနေမှုကို သွားရောက်ကြည့်ရှုစစ်ဆေးကြရာ မြို့ပြနှင့်အိမ်ရာဖွံ့ဖြိုးရေးဦးစီးဌာန၊ ပြည်နယ်ဦးစီးမှူးက လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုနှင့် ဆက်လက်ဆောင်ရွက်ရမည့် အစီအမံများကို ရှင်းလင်းတင်ပြသည်။

တင်ပြချက်များအပေါ် ပြည်နယ်ဝန်ကြီးချုပ်က လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းပေးပြီး အိမ်ရာအတွင်း ဆိုလာမီးများတပ်ဆင်ထားရှိမှုနှင့် လုပ်ငန်းဆောင်ရွက်ပြီးစီးနေမှုများအား လှည့်လည်ကြည့်ရှုစစ်ဆေးခဲ့ကြကြောင်း သတင်းရရှိသည်။

တင်ထွန်း (ပြန်/ဆက်)