မွန်ပြည်နယ်ဝန်ကြီးချုပ် မော်လမြိုင်မြို့ သန့်ရှင်းသာယာလှပရေး စုပေါင်းသန့်ရှင်းရေးဆောင်ရွက်နေမှုကြည့်ရှုအားပေး၊ ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးအား သွားရောက်ဖူးမြော်ကြည်ညို

မော်လမြိုင် ဖေဖော်ဝါရီ ၂၈

မွန်ပြည်နယ်၏မြို့တော် မော်လမြိုင်မြို့၌ သန့်ရှင်း၍စိမ်းလန်းစိုပြည်ကာ သာယာလှပပြီး မြို့၏အင်္ဂါရပ်များနှင့်ကိုက်ညီစေရေး အလေးထားဆောင်ရွက်လျက်ရှိရာ မွန်ပြည်နယ် ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့နံနက်ပိုင်းက မော်လမြိုင်မြို့၊ ညောင်ပင်ဆိပ်ရပ်ကွက်၊ မော်လမြိုင်-ဘားအံ ကားလမ်းမကြီးဘေး၊ စက်မှုဇုန်ရှေ့၌ သစ်ပင်ခြုံနွယ်ပိတ်ပေါင်းများကို ခုတ်ထွင်ရှင်းလင်းခြင်း၊ အမှိုက်များကောက်ယူရှင်းလင်းခြင်း၊ သစ်ပင်သစ်ကိုင်းများရှင်းလင်းခြင်းများကို ဌာနဆိုင်ရာများ၊ မြန်မာနိုင်ငံရဲတပ်ဖွဲ့၊ မီးသတ်တပ်ဖွဲ့ဝင်များနှင့် ရပ်ကွက်နေပြည်သူများမှ စုပေါင်းသန့်ရှင်းရေး ဆောင်ရွက်နေမှုအား ကြည့်ရှုအားပေးခဲ့ကြသည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က မော်လမြိုင်စက်မှုဇုန်ရှေ့၌ သန့်ရှင်းသာယာလှပရေး၊ ခြုံနွယ်မြက်ပေါင်းများ ခုတ်ထွင်ရှင်းလင်းခြင်း ဆောင်ရွက်နေမှုအခြေအနေတို့အား ကြည့်ရှုစစ်ဆေး၍ သန့်ရှင်းသာယာလှပမှုရှိစေရေး၊ အမှိုက်များမရှိစေရေးနှင့် စက်မှုဇုန် အနီးပတ်ဝန်းကျင် စိမ်းလန်းစိုပြည်မှုရှိစေရေးအတွက် တာဝန်ရှိသူများနှင့်တွေ့ဆုံ၍ လိုအပ်သည်များကို ပေါင်းစပ်ညှိနှိုင်း ဆောင်ရွက်ပေးခဲ့သည်။

မွန်ပြည်နယ်အတွင်း မြို့နယ်အသီးသီးတွင် မြို့သန့်ရှင်းသာယာလှပမှုရှိစေရေး၊ စွန့်ပစ်အမှိုက်များ ကင်းရှင်းစေရေး စုပေါင်းသန့်ရှင်းရေးကို ရပ်ကွက်နေပြည်သူများမှလည်း ပူးပေါင်းပါဝင်၍ အပတ်စဉ်ပုံမှန် ဆောင်ရွက်လျက်ရှိ‌ကြောင်း သိရှိရသည်။

မွန်ပြည်နယ်ဝန်ကြီးချုပ် ဦးအောင်ကြည်သိန်း၊ ပြည်နယ်ဝန်ကြီးများနှင့် တာဝန်ရှိသူများသည် ယနေ့ နံနက်ပိုင်းက ‌ကျိုက်ထိုမြို့နယ် ဆံတော်ရှင်ကျိုက်ထီးရိုးစေတီတော်မြတ်ကြီးသို့ သွားရောက်၍ ဦးစွာ ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်ကြီးအား ပန်း၊ ဆီမီး၊ ရေချမ်း များကပ်လှူပူဇော်ဖူး​မျှော်ကြည်ညိုကန်​တော့ခဲ့သည်။

ထို့နောက် ပြည်နယ်ဝန်ကြီးချုပ်က စေတီတော်မြတ်၏ ကျောက်လုံး​တော်ကြီးအား ‌ရွှေသင်္ကန်းများ ကပ်လှူ‌ပူဇော်ခဲ့ပြီး စေတီတော်မြတ်ကြီးရင်ပြင်‌တော်အတွင်း လှည့်လည်ကြည့်ရှုစစ်ဆေးကာ ကျိုက်ထီးရိုးစေတီတော်မြတ်ကြီး ရောင်တော်ဖွင့်ပွဲနှင့် ကျောက်လုံးတော်ကြီး (၁၂)ကြိမ်မြောက် လုံးတော်ပြည့်ရွှေသင်္ကန်းကပ်လှူပူဇော်ပွဲ ရေစက်ချမင်္ဂလာအခမ်းအနားကို တပေါင်းလပြည့်နေ့တွင် ဆင်ယင်ကျင်းပပြုလုပ်သွားမည်ဖြစ်သည့်အတွက် ဘုရားဖူးလာပြည်သူများ စိတ်အေးချမ်းသာစွာ ဖူးမြော်နိုင်ရေး၊ ရင်ပြင်တော်နှင့် တောင်တက်ဝန်းကျင် သန့်ရှင်းသပ်ရပ် စိမ်းလန်းစိုပြည်စေရေး၊ စျေးဆိုင်တန်းနှင့် စားသောက်ဆိုင်တန်းများ စနစ်တကျဖြစ်စေရေး၊ မိလ္လာနှင့်အမှိုက်များ စနစ်တကျစွန့်ပစ်‌စေရေးမှာကြား၍ လိုအပ်သည်များကို တာဝန်ရှိသူများနှင့် ပေါင်းစပ်ညှိနှိုင်းဆောင်ရွက်ပေးခဲ့ပြီး စေတီတော်မြတ်ကြီးအတွက် အလှူတော်ငွေများကို ဂေါပကအဖွဲ့ထံ လှူဒါန်းခဲ့ကြောင်း သိရှိရသည်။

စည်သူ (ပြန်/ဆက်)