အနုပညာအထက်တန်းကျောင်း(ရန်ကုန်)၊၂၀၂၅-၂၀၂၆ ပညာသင်နှစ် သင်တန်းဆင်း အောင်လက်မှတ် ပေးအပ်ပွဲ အခမ်းအနား ကျင်းပ

ရန်ကုန် ဖေဖော်ဝါရီ ၂၈

သာသာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ အနုပညာဦးစီးဌာန၊ လေ့ကျင့်ရေးနှင့်သုတေသနဌာနခွဲ၊ ၂၀၂၅- ၂၀၂၆ ပညာသင်နှစ်၊ အနုပညာအထက်တန်းကျောင်း (ရန်ကုန်)၊ သင်တန်းဆင်းအောင်လက်မှတ် ပေးအပ်ပွဲအခမ်းအနားကို ဖေဖော်ဝါရီလ ၂၅ ရက်နေ့ နံနက်ပိုင်းက ရန်ကုန်တိုင်းဒေသကြီး၊ ဒဂုံမြို့နယ်၊ မြို့မကျောင်းလမ်းရှိ အမျိုးသားဇာတ်ရုံ (ရန်ကုန်) တွင် ကျင်းပရာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေး နှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံ၊ တိုင်းဒေသကြီး အစိုးရအဖွဲ့ဝင်များ၊ ဌာနဆိုင်ရာတာဝန်ရှိသူများ၊ ယဉ်ကျေးမှုနှင့် အနုပညာတက္ကသိုလ်(ရန်ကုန်)၊ ပါမောက္ခချုပ်နှင့် တာဝန်ရှိသူများ၊ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများ၊ ဖိတ်ကြားထားသည့် ဧည့်သည်တော်များနှင့် တာဝန်ရှိသူများ တက်ရောက်ကြသည်။

ဦးစွာ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်း၊ သာသနာရေးနှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံနှင့် တာဝန်ရှိသူများက ပန်းချီ၊ပန်းပုဌာနမှ သင်တန်းဆင်းကြမည့် ကျောင်းသား၊ ကျောင်းသူများ၏ လက်ရာမွန် ပန်းချီ၊ပန်းပုပြခန်းများအား လှည့်လည်ကြည့်ရှုအားပေးသည်။

ထို့နောက် ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက အဖွင့်အမှာစကားပြောကြားရာတွင် အနု ပညာအထက်တန်းကျောင်း(ရန်ကုန်)တွင် တက်ရောက်သင်ကြားနေသည့် ကျောင်းသား၊ ကျောင်းသူများအနေဖြင့် နိုင်ငံတော်၏ ဦးတည်ချက်(၁၂)ရပ်တွင် ပါဝင်သည့် “တိုင်းရင်းသား လူမျိုးအပေါင်းတို့၏ ဓလေ့ ထုံးတမ်း အစဉ်အလာများကို လေးစားလိုက်နာပြီး အမျိုးသားရေးစိတ်ဓာတ်ကို အခြေခံသည့် ကိုးကွယ်ယုံကြည်မှု၊ ယဉ်ကျေးမှု၊ အမျိုးသားရေးစရိုက် လက္ခဏာများ မပျောက်ပျက်အောင် ထိမ်းသိန်းစောင့်ရှောက်ရေး” ဆိုသည့်အချက်ကို အလေးအနက်ထားကာ ကျရာတာဝန်၊ ရောက်ရာနေရာတွင် ကြိုးပမ်းဆောင်ရွက်သွားကြရန်စသည်တို့ကို ပြောကြားသည်။

ဆက်လက်၍ ရန်ကုန်တိုင်းဒေသကြီး ဝန်ကြီးချုပ် ဦးစိုးသိန်းက ဆုရရှိခဲ့ကြသည့် ကျောင်းသား၊ ကျောင်းသူများအား ဆုများကို လည်းကောင်း၊ ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်သည်။

ယင်းနောက် သာသနာရေး နှင့်ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက အမှာစကား ပြောကြားသည်။

၎င်းနောက် သာသနာရေးနှင့် ယဉ်ကျေးမှုဝန်ကြီးဌာန၊ ဒုတိယဝန်ကြီး ဒေါ်နုမြဇံက ကျောင်းသား၊ ကျောင်းသူများအား သင်တန်းဆင်း အောင်လက်မှတ်များကို လည်းကောင်း၊ တက်ရောက်လာကြသူများက အနုပညာအထက်တန်းကျောင်း(ရန်ကုန်)မှ တာဝန်ရှိသူများနှင့် ဖျော်ဖြေရေးအဖွဲ့များအား ဂုဏ်ပြုချီးမြှင့်ငွေများကို လည်းကောင်း အသီးသီး ပေးအပ်ခဲ့ကြသည်။

ထို့နောက် အနုပညာအထက်တန်းကျောင်း (ရန်ကုန်) မှ သင်တန်းဆင်း ကျောင်းသား၊ ကျောင်းသူများက စွမ်းရည်ပြဖျော်ဖြေရေးအစီစဉ်များဖြင့် ဖျော်ဖြေတင်ဆက်ခဲ့ကြကြောင်း သိရသည်။

ဇွဲထက်ကို(ပြန်/ဆက်)