ဥတ္တရသီရိ ဖေဖော်ဝါရီ ၂၈
နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းသည် ဥတ္တရသီရိမြို့နယ် စီမံခန့်ခွဲရေးနှင့်အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌ ဦးရဲမြတ်သိန်း၊ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့်အတူ ယမန်နေ့မွန်းလွဲပိုင်းက ပြည်ထောင်စုနယ်မြေ၊ နေပြည်တော်၊ ဥတ္တရသီရိမြို့နယ်၊ တောင်ညိုကျေးရွာအားကစားကွင်း၌ ပြည်သူများအား မြို့နယ်မီးသတ်ဦးစီးဌာနမှ ပွင့်လင်းရာသီရောက်ရှိလာပြီဖြစ်သဖြင့် မီးဘေးအန္တရာယ်ကြိုတင်ကာကွယ်နိုင်ရေးအတွက် မီးဘေးကြိုတင်ကာကွယ်ရေး ဟောပြောခြင်းနှင့် သရုပ်ပြပွဲကျင်းပဆောင်ရွက်နေမှုကို ကြည့်ရှုအားပေးသည်။
အခမ်းအနားတွင် ဥတ္တရသီရိမြို့နယ် မီးသတ်ဦးစီးဌာန ဒုတိယဦးစီးမှူး ဦးမင်းမင်းဦးက မီးဘေးအန္တရာယ် ကြိုတင်ကာကွယ်ရေး အသိပညာပေးဆွေးနွေးရခြင်းရည်ရွယ်ချက်များ၊ မီးလောင်မှုအခြေခံ သဘောတရားများ၊ မီးငြှိမ်းသတ်ခြင်းစနစ်များ၊ မီးအတန်းအစားခွဲခြားခြင်းများ၊ လျှပ်စစ်မီးလောင်မှု ဖြစ်စေသည့် အဓိကအကြောင်းအရင်းများ၊ လျှပ်စစ်ဝါယာလျှော့ မဖြစ်အောင် ကာကွယ်ရမည့် နည်းလမ်းများကို ရှင်းလင်းဟောပြောခဲ့သည်။
ထို့နောက် လက်တွေ့မီးငြှိမ်းသတ်ခြင်း လေ့ကျင့်မှုများကို တောင်ညိုနယ်မြေ မီးသတ်စခန်းမှ ဒုတိယဦးစီးမှူး ဦးသန်းလှိုင် ဦးဆောင်၍ ရိုးရိုးမီး၊ ဆီမီး၊ Gas မီးလောင်မှုများကို လက်တွေ့ ငြှိမ်းသတ်နည်း၊ မီးသတ်ဆေးဘူး၊ မီးသတ်ပိုက်ဖြင့် လက်တွေ့မီးငြှိမ်းသတ်သရုပ်ပြသ၍ လက်တွေ့ဆောင်ရွက်ခြင်းများကို ပြုလုပ်ခဲ့သည်။
ယင်းနောက် နေပြည်တော်ကောင်စီဝင် ဦးဇေယျာလင်းက ပြည်သူများအား သဘာဝဘေးအန္တရာယ်များ ဖြစ်သည့် ရေဘေး၊ လေဘေး၊ မီးဘေးအန္တရာယ်များမဖြစ်ပွားမှီ ကြိုတင် ဆောင်ရွက်ရမည့် နည်းလမ်းများနှင့် ဘေးအန္တရာယ်များဖြစ်ပွားပါက ဆောင်ရွက်ရမည့်နည်းလမ်းများနှင့်စပ်လျဉ်း၍ ရှင်းလင်းပြောကြားပြီး မီးသတ်တပ်ဖွဲ့ဝင်များအား စားသောက်ဖွယ်ရာများ ပေးအပ်ခဲ့သည်။
ဆက်လက်၍ နေပြည်တော်ကောင်စီဝင်သည် (၂ဝ၂၅-၂ဝ၂၆) ဘဏ္ဍာရေးနှစ်၊ နေပြည်တော်ကောင်စီ၏ ငွေလုံးငွေရင်းရန်ပုံငွေဖြင့် ဆောင်ရွက်နေသော ဥတ္တရသီရိမြို့နယ်၊ သရက်တောကျေးရွာအုပ်စု၊ မသိမ်ကျေးရွာတံတား(အောက်ဘက်) ချောင်းမကြီးချောင်း ကမ်းပြိုကာကွယ်ရေးလုပ်ငန်း ဆောင်ရွက်နေမှုကိုကြည့်ရှုစစ်ဆေးပြီး လုပ်ငန်းများအချိန်မီပြီးစီး အောင်ဆောင်ရွက်ရေး၊ သတ်မှတ်စံချိန်စံညွှန်းနှင့်အညီ အရည်အသွေးပြည့်မှီအောင်ဆောင်ရွက်ရေးတို့ကို မှာကြားခဲ့ကြောင်း သိရသည်။
အောင်မျိုးဝင်း(ဥတ္တရ)