ကချင်ပြည်နယ်ဝန်ကြီးချုပ် မြစ်ကြီးနားတက္ကသိုလ်၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲသို့ တက်ရောက်အားပေးချီးမြှင့်

မြစ်ကြီးနား ဖေ‌ဖော်ဝါရီ ၂၅

ကချင်ပြည်နယ်၊ မြစ်ကြီးနားမြို့ရှိ မြစ်ကြီးနားတက္ကသိုလ်၏ (၂၈) နှစ်မြောက် နှစ်ပတ်လည်နေ့အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ အခမ်းအနားကို ယနေ့ နံနက် ၉ နာရီက တက္ကသိုလ်ဘွဲ့နှင်း သဘင်ခန်းမ၌ ကျင်းပပြုလုပ်ရာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်နှင့် ပြည်နယ်အစိုးရအဖွဲ့ဝင်များ တက်ရောက်အားပေးချီးမြှင့်ခဲ့ကြသည်။

ရှေးဦးစွာ ပြည်နယ်ဝန်ကြီးချုပ် ဦးခက်ထိန်နန်က သုတေသနသည် တက္ကသိုလ်တစ်ခု၏ အသက်သွေးကြောတစ်ခုဖြစ်သည့်အပြင် တက္ကသိုလ်တစ်ခု၏ ပညာရပ်ဆိုင်ရာမြင့်မားမှုသည် သုတေ သနလုပ်ငန်းများ၏ အရည်အသွေးပေါ် တည်မှီနေပါကြောင်း၊ သုတေသနသည် စာအုပ်စာတမ်းများ ထဲတွင် ရှိနေရမည်မဟုတ်ဘဲ မိမိတို့ဒေသ၏ အမှန်တကယ်လိုအပ်ချက်များကို ဖြည့်ဆည်းပေးနိုင်ရန် ဖြစ်သည်ကို အလေးအနက်ထား တိုက်တွန်းလိုပါကြောင်း၊ သို့ဖြစ်ပါ၍ သမိုင်းအစဉ်အလာကြီးမားသည့် မြစ်ကြီးနားတက္ကသိုလ်၏ ပညာရပ်ဆိုင်ရာ အရှိန်အဝါကို အသုံးချပြီး သုတေသနရလဒ်များမှ တစ်ဆင့် ပြည်နယ်နှင့်နိုင်ငံတော်ကို အကျိုးပြုကြရန်နှင့် ပညာဗဟုသုတအလင်းတိုင်းများဖြင့် ဒေသအကျိုးကို ဆက်လက်သယ်ပိုးကြရန် လိုအပ်ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် မြစ်ကြီးနားတက္ကသိုလ်ပါမောက္ခချုပ် ဒေါက်တာအောင်ဝင်းက တက္ကသိုလ်၏ (၂၈) နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲ ကျင်းပရခြင်း၏ ရည်ရွယ်ချက်များနှင့် ဖတ်ကြားသွားမည့် စာတမ်းများအပေါ် ရည်မှန်းချက်များကို ရှင်းလင်းတင်ပြပြီး ပြည်နယ်ဝန်ကြီးချုပ်နှင့် တက်ရောက်လာသူများက တက္ကသိုလ်အဆောင်နေ ကျောင်းသား/ ကျောင်းသူလေးများ၏ တိုင်းရင်းသားရိုးရာတေးသီချင်းအကအလှများဖြင့် ဖျော်ဖြေတင်ဆက်မှုကို ကြည့်ရှုအားပေးခဲ့ကြကာ ပြည်နယ်ဝန်ကြီးချုပ်က အကအဖွဲ့များအတွက် ချီးမြှင့်ငွေများကို ပေးအပ်ချီးမြှင့်ခဲ့ကြပြီး စာတမ်းဖတ်ကြားမည့် ပါမောက္ခဌာနမှူးများ၊ ပါမောက္ခများ၊ နည်းပြများနှင့်အတူ အမှတ်တရ မှတ်တမ်းတင်ဓာတ်ပုံကို စုပေါင်းရိုက်ကူးခဲ့ကြသည်။

အဆိုပါ မြစ်ကြီးနားတက္ကသိုလ်၏ (၂၈) နှစ်မြောက် တက္ကသိုလ်နှစ်ပတ်လည်နေ့ အထိမ်းအမှတ် သုတေသနစာတမ်းဖတ်ပွဲကို သက်ဆိုင်ရာပညာရပ်အလိုက် ဘွဲ့နှင်းသဘင်ခန်းမအဆောက် အအုံအတွင်းရှိ ပင်မခန်းမအပါအဝင် အခန်းများတွင် သုတေသနပြုစုထားသည့် ဝိဇ္ဇာသာသာရပ်ဆိုင် ရာစာတမ်း (၁၄)စောင်နှင့် သိပ္ပံဘာသာရပ်ဆိုင်ရာစာတမ်း (၄၁)စောင် စုစုပေါင်းစာတမ်း (၅၅) စောင်အထိ တင်သွင်းဖတ်ကြားခဲ့ကြောင်း သိရှိရသည်။

ထို့အတူ ညနေ ၃ နာရီကလည်း ပြည်နယ်အစိုးရအဖွဲ့ရုံး မလိခခန်းမ၌ ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံရေး၊ စားသုံးဆီဖူလုံရေးတို့အတွက် ဆီထွက်သီးနှံ၊ မိုးစပါး၊ နွေစပါးရိတ်သိမ်းပြီးစီးမှု အခြေအနေများနှင့်စပ်လျဉ်း၍ ဌာနဆိုင်ရာတာဝန်ရှိသူများနှင့် လုပ်ငန်းညှိနှိုင်းဆွေးနွေးခဲ့ကြသည်။

အဆိုပါ လုပ်ငန်းညှိနှိုင်းအစည်းအဝေးတွင် ပြည်နယ်ဝန်ကြီးချုပ်က မိမိတို့အနေဖြင့် ပြည်နယ်အတွင်း စားရေရိက္ခာဖူလုံစေရေးနှင့် စားသုံးဆီဖူလုံရေးတို့အတွက် စိုက်ပျိုးစွမ်းအား တိုးတက်မြင့်မားရေး၊ မွေးမြူရေးလုပ်ငန်းများ ဖွံ့ဖြိုးလာစေရေး ကြိုးပမ်းဆောင်ရွက်ခဲ့သော်လည်း သက်ဆိုင်ရာဌာနများအနေဖြင့် ကိန်းဂဏန်းအချက်အလက်များ ပြုစုတင်ပြရာတွင် မြေပြင်အမှန်တကယ် တည်ရှိမှုအပေါ်တွက်ချက်၍ မှန်ကန်မှုရှိစေရေး အလေးထားဆောင်ရွက်ကြရမည်ဖြစ်ပါကြောင်း၊ ထို့အပြင် မြေပြင်ကွင်းဆင်းစစ်ဆေး၍ တောင်သူစည်းရုံးပညာပေးခြင်းကို အလေးအနက်ထား ဆောင်ရွက်ပေး ကြရမည်ဖြစ်ပါကြောင်း၊ သို့မှသာ မိမိတို့ရည်မှန်းချက်ပန်းတိုင် ပြည့်မီအောင် ဆောင်ရွက်နိုင်မည်ဖြစ် ပါကြောင်း တိုက်တွန်းမှာကြားသည်။

ထို့နောက် စိုက်ပျိုးရေးဦးစီးဌာန၊ မြေစာရင်းဦးစီးဌာန၊ သမဝါယမဦးစီးဌာနတို့မှ သက်ဆိုင်ရာကဏ္ဍအလိုက် စိုက်ပျိုးထုတ်လုပ်မှု တိုးတက်မြင့်မားစေရေး စီမံဆောင်ရွက်လျက်ရှိသည့် အခြေအနေ များ၊ ဘဏ္ဍာနှစ်အလိုက် စိုက်ပျိုးသီးနှံ ပန်းတိုင်အထွက်နှုန်းရည်မှန်းချက်ပြည့်မီစေရေးနှင့် စိုက်ပျိုးထုတ်လုပ်မှုတိုးတက်မြင့်မားစေရေး သွင်းအားစုများနှင့် သက်ဆိုင်ရာကဏ္ဍများအလိုက် ပံ့ပိုးဆောင် ရွက်သွားရမည့် ကိစ္စရပ်များကို လည်းကောင်း၊ ခရိုင်စီမံခန့်ခွဲရေးနှင့် အုပ်ချုပ်ရေးကော်မတီဥက္ကဋ္ဌများက သက်ဆိုင်ရာခရိုင်/ မြို့နယ်များအလိုက် စိုက်ဧကတိုးချဲ့မည့် အစီအစဉ်များ၊ ဒေသနှင့်ကိုက်ညီသည့် ဆီထွက်သီးနှံများ စိုက်ပျိုးဆောင်ရွက်သွားမည့် အစီအစဉ်များနှင့် မွေးမြူရေးလုပ်ငန်းများ တိုးမြှင့်ဆောင်ရွက်သွားနိုင်ရေး ဆောင်ရွက်ထားရှိမှုများကိုလည်းကောင်း ကဏ္ဍအလိုက် အသီးသီးရှင်း လင်းတင်ပြကြသည်။

တင်ပြဆွေးနွေးမှုများအပေါ် ပြည်နယ်ဝန်ကြီးချုပ်က ဒေသနှင့်ကိုက်ညီပြီး တောင်သူများ အမှန်တကယ်ဖြစ်ထွန်းအောင်မြင်သည့် သီးနှံများဖြစ်စေရေးနှင့် လိုအပ်သည်များကို သက်ဆိုင်ရာ ကဏ္ဍအလိုက် ညှိနှိုင်းပေါင်းစပ်ဆောင်ရွက်ပေးခဲ့ကြောင်း သိရသည်။

ပြည်နယ် (ပြန်/ဆက်)